သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် ဘာသာရေး အဓိကရုဏ်း လှုံ့ဆော်သူတွေကို အရေးယူဖို့ စီစဉ်ပြီ


Internally displaced Rohingya people take shelter in a building ahead of the arrival of Cyclone Mahasen, in Sittwe, northwestern Rakhine State, Burma, May 15, 2013.

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ ဆင်ခြေဖုံးမှာ စနေနေ့က ဘာသာရေး ဂိုဏ်းဂဏ ကွဲပြားမှု အဓိကရုဏ်းတွေ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး လှုံ့ဆော်ခဲ့သူတွေလို့ သံသယရှိသူ ၁၉၀ ကို တရားစွဲဆိုဖို့ စီစဉ်နေတဲ့အကြောင်း အီဂျစ်စစ်တပ်က ပြောပါတယ်။ ၀န်ကြီးချုပ် အက်စ်စမ် ရှာရပ်ဖ် (Essam Sharaf) က အစိုးရ ၀န်ကြီးအဖွဲ့ အရေးပေါ် အစည်းအဝေး ခေါ်လိုက်ပြီး ပင်လယ်ကွေ့နိုင်ငံများ ခရီးစဉ်ကို ဖျက်လိုက်ရပါတယ်။

ကိုင်ရိုမြို့တော် အင်မ်ဘာဘာ (Imbaba) မြို့နယ်မှာ မနေ့ စနေနေ့က ခရစ်ယာန်နဲ့ မွတ်ဆလင်တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရာမှာ ၁၀ ယောက် သေဆုံးပြီး ၁၈၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းတွေမှာ ဖော်ပြထားပါတယ်။ သေဆုံးသူ တယောက်ကို ခရစ်ယာန် ဘုရားကျောင်းထဲမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအရေးအခင်းနဲ့ ပတ်သက်ပြီး အီဂျစ်အစိုးရ ၀န်ကြီးအဖွဲ့က ဒီနေ့ မနက်ပိုင်းမှာ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ပါတယ်။

ခရစ်ယာန် အမျိုးသမီးတယောက် အစ္စလာမ် ဘာသာဝင်အဖြစ် ပြောင်းမယ့် အစီအစဉ်ကို ပိတ်ပင်တဲ့ အနေနဲ့ ကော့ပ်တစ် (Coptic) ခရစ်ယာန် ဘုရားကျောင်းထဲမှာ ထိန်းသိမ်းထားတယ်ဆိုတဲ့ ကောလာဟလ ထွက်ခဲ့ရာကနေ အခုလို ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရတာလို့ မျက်မြင်တွေက ပြောပါတယ်။

သေနတ်တွေနဲ့ နှစ်ဘက် အပြန်အလှန် ပစ်ခဲ့ကြသလို မွတ်ဆလင် ဆန္ဒပြသူတွေက လက်လုပ် မီးလောင်ဗုံးတွေနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေ အပါအ၀င် အနီးနားက အဆောက်အဦးတွေကို ပစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီ ခရစ်ယာန် အမျိုးသမီးဟာ အစ္စလာမ် ဘာသာဝင်အဖြစ် ပြောင်းပြီးသား ဖြစ်ပေမဲ့ မွတ်ဆလင် အမျိုးသားနဲ့ လက်မထပ်နိုင်အောင် တားဆီးနေကြတာလို့လည်း မျက်မြင်တွေက ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာတ၀ိုက် လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားလိုက်ပြီး လူစုကွဲသွားအောင် သေနတ် မိုးပေါ်ထောင်ပစ်ပြီး မျက်ရည်ယိုဗုံးတွေ သုံးခဲ့ကြတယ်လို့ ဆိုပါတယ်။

အီဂျစ်လူဦးရေ သန်း ၈၀ အနက် ကော့ပ်တစ် ခရစ်ယာန် ဘာသာဝင် ၁၀% ရှိပြီး ဘာသာမတူသူတွေ လက်ထပ်ကြတဲ့အခါ ဒီလို တင်းမာမှုတွေနဲ့ ရင်ဆိုင်ကြရလေ့ ရှိပါတယ်။

XS
SM
MD
LG