သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုစုဝေးပွဲ ကျင်းပဖို့ အီဂျစ်စစ်အကြီးအကဲ နှိုးဆော်


အီဂျစ်နိုင်ငံမှာ ရုန်းရင်းဆန်ခတ် ဖြစ်တာတွေနဲ့ အကြမ်းဖက်ဝါဒကို ထိပ်တိုက် ရင်ဆိုင်ဖို့အတွက် စစ်တပ်ကို လုပ်ပိုင်ခွင့်ပေးရေး လာမယ့် သောကြာနေ့မှာ လူထုက အကြီးအကျယ် တောင်းဆို ဆန္ဒပြကြဖို့ အီဂျစ်စစ်တပ် အကြီးအကဲ အက်ဒဲလ် ဖာတာ အယ်လ် စီစီ (Abdel Fattah el-Sissi) ဒီကနေ့ ရုပ်မြင်သံကြားကနေ ဆော်သြလိုက်ပါတယ်။

သမ္မတမော်စီ ပြုတ်ကျပြီးနောက်ပိုင်း အီဂျစ်နိုင်ငံတွင်း သီတင်းပတ်တွေနဲ့ချီ ရုန်းရင်းဆန်ခတ်၊ သွေးထွက်သံယို ဖြစ်ခဲ့ရပါတယ်။ စစ်တပ်က ဖွဲ့စည်းပေးထားတဲ့ ကြားဖြတ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လွှတ်တော်နဲ့ သမ္မတ ရွေးကောက်ပွဲ ကျင်းပရေး စီစဉ်နေပါတယ်။ ဒါပေမဲ့ သမ္မတဟောင်း မော်စီကို ထောင်ခံသူတွေက လက်မခံဘဲ မော်စီကို ရာထူးပြန်ပေးရေး တောင်းဆိုနေကြ ပါတယ်။

အီဂျစ်နိုင်ငံ နိုင်းလ်မြစ် မြစ်ဝကျွန်းပေါ်ဒေသက ရဲစခန်းတခုမှာ ဒီကနေ့ မနက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာမှာ တစ်ယောက် သေဆုံးပြီး၊ တခြားလူ ၁၈ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုင်ရိုမြို့မြောက်ဘက် ၆၂ မိုင်အကွာ၊ မန်စူရာမြို့ ရဲစခန်းမှာ ဘယ်သူဘယ်ဝါမှန်း မသိရသူတစ်ဦးက ကားပေါ်ကနေ ဗုံးကို ပစ်သွင်းပြီး တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။

အီဂျစ်ကြားဖြတ်အစိုးရ သမ္မတ အဒ်လီ မန်ဆွာ (Adly Mansour) ရဲ့ ပြောခွင့်ရသူကတော့ ဒီလို ဗုံးခွဲတိုက်ခိုက်တာဟာ အကြမ်းဖက် လုပ်ရပ်ဖြစ်ပြီး အီဂျစ်ရဲ့ ပြုပြင်ပြောင်းလဲရေးကို သွေဖည်စေမှာ မဟုတ်ဘူးလို့ တုံ့ပြန်လိုက် ပါတယ်။
XS
SM
MD
LG