သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်အဓိကရုဏ်း စစ်တပ်ကြားဝင်ရှင်း


ရာထူးချခံရတဲ့ သမ္မတမော်စီကို ထောက်ခံသူနဲ့ဆန့်ကျင်သူတို့ကြား အပြန်အလှန် တိုက်ခိုက်နေကြစဉ်။
ရာထူးချခံရတဲ့ သမ္မတမော်စီကို ထောက်ခံသူနဲ့ဆန့်ကျင်သူတို့ကြား အပြန်အလှန် တိုက်ခိုက်နေကြစဉ်။
ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ အီဂျစ်သမ္မတ Mohamed Morsi ကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေကြား လမ်းပေါ်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့အတွက် စစ်တပ်က ကြားဝင် ထိန်းသိမ်းနေပါတယ်။

သမ္မတကို ဆန့်ကျင်သူတွေ နေရာယူထားတဲ့ ကိုင်ရိုမြို့လယ်က အမှတ် ၆ အောက်တိုဘာတံတားပေါ်ကို စစ်တပ်က သံချပ်ကာကားတွေနဲ့ နေရာယူခဲ့ကြတာပါ။ စစ်တပ်ပြောခွင့်ရသူကတော့ တပ်ဖွဲ့ဝင်တွေအနေနဲ့ လူတွေကို အကာအကွယ်ပေးဖို့အတွက်သာ ဆောင်ရွက်နေပြီး ဘယ်သူ့ဘက်မှ လိုက်မှာမဟုတ်တဲ့အကြောင်း ပြောပါတယ်။

ဆန့်ကျင်ဘက် အုပ်စုနှစ်စုကြား ကျောက်ခဲတွေ၊ မီးရှူမီးပန်းတွေနဲ့ ပစ်ပေါက်ပြီး အပြန်အလှန် တိုက်ခိုက်မှုတွေကတော့ ကိုင်ရိုနဲ့ အလက်ဇန္နဒရီးယား အပါအဝင် မြို့အတော်များများမှာ ဖြစ်ပွားခဲ့တာပါ။ အစိုးရပိုင် ရုပ်မြင်သံကြားမှာတော့ တိုက်ခိုက်မှုတွေအတွင်း လူ ၁၇ ဦးထက်မနည်း သေဆုံးကြောင်း ကြေညာခဲ့ပါတယ်။

သောကြာနေ့ အစောပိုင်းမှာတော့ ကာကွယ်ရေးဝန်ကြီးဌာန ရုံးချုပ်ရှိရာကို ချီတက်ဖို့ ကြိုးပမ်းခဲ့ကြတဲ့ သမ္မတကို ထောက်ခံသူတွေကို စစ်တပ်က ပစ်ခတ်ဟန့်တားခဲ့တာပါ။ သမ္မတမော်စီနဲ့ သူ့ရဲ့မူဆလင်ညီအကိုတော်များအဖွဲ့က ခေါင်းဆောင်တွေကိုတော့ စစ်တပ်က ထိန်းသိမ်းထားပြီး အခြေခံဥပဒေကိုလည်း ပယ်ဖျက်ထားတာ ဖြစ်ပါတယ်။
စစ်တပ်က ယာယီအစိုးရ ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့တဲ့ တရားသူကြီးချုပ် Adly Mansour ကတော့ ကြာသပတေးနေ့ကပဲ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာပါ။

အီဂျစ်နိုင်ငံမှာ စစ်တပ်က သမ္မတကို ရာထူးက ဖယ်ရှားလိုက်တာကို တုန့်ပြန်တဲ့ အနေနဲ့ အာဖရိကယူနီယံကတော့ အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့လိုက်ပါတယ်။ ဒီမိုကရေစီနည်းကျ တင်မြှောက်ထားတဲ့ သမ္မတကို ရာထူးက ဖယ်ရှားခဲ့တဲ့အတွက် အရေးယူဖို့ အီသီယိုပီးယား နိုင်ငံမှာ ကျင်းပတဲ့ အာဖရိကယူနီယံ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကောင်စီရဲ့ သောကြာနေ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။ အဖွဲ့ဝင် ၅၄ နိုင်ငံ ပါဝင်တဲ့ အာဖရိက ယူနီယံက အခြေခံဥပဒေနဲ့အညီ ပြန်လည် အုပ်ချုပ်နိုင်ရေးအတွက် အီဂျစ်နိုင်ငံကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မှာ ဖြစ်တဲ့အကြောင်းလည်း ကြေညာခဲ့ပါတယ်။
XS
SM
MD
LG