သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်မှာ စစ်တပ်နဲ့ အစိုးရကြား တင်းမာမှု အရှိန်မြင့်


အီဂျစ်နိုင်ငံရဲ့ အစ္စလာမ်ဝါဒီ အစိုးရနဲ့ စစ်တပ်တို့အကြား သွေးမြေကျတဲ့အထိ တိုင်းပြည်ကို ခုခံကာကွယ်သွားကြဖို့ အပြန်အလှန် သတိပေးနေကြတဲ့အတွက် အီဂျစ်နိုင်ငံရဲ့ နိုင်ငံရေး ပဋိပက္ခတွေဟာ ဗုဒ္ဓဟူးနေ့မှာ ထိပ်တိုက် ရင်ဆိုင်မယ့်ဘက်ကို ဦးတည်နေပါတယ်။

သမ္မတနဲ့ အတိုက်အခံတွေကြား ဗုဒ္ဓဟူးနေ့မှာ သဘောတူညီချက် ရယူဖို့ စစ်တပ်က သတ်မှတ်ထားတဲ့ အချိန်မပြည့်ခင် နာရီပိုင်းအလိုမှာပဲ ပြုပြင်ပြောင်းလဲရေး လိုလားသူ အတိုက်အခံခေါင်းဆောင် မိုဟာမက် အဲလ်ဘာရာဒေး (Mohamed ElBaradei)၊ တိုင်းပြည်ရဲ့ မူဆလင် ဘာသာရေးခေါင်းဆောင် Coptic လို့ခေါ်တဲ့ အီဂျစ် ခရစ်ယာန်ဂိုဏ်းခွဲခေါင်းဆောင်နဲ့ တခြား မူဆလင်ပါတီငယ်တွေရဲ့ ခေါင်းဆောင် တချို့တို့ဟာ လက်ရှိ အခြေအနေကနေ ရှေ့ဆက် ဘယ်လို ခရီးသွားကြမလဲဆိုတဲ့ ကိစ္စကို ဆွေးနွေးဖို့ စစ်ဦးစီးချုပ်နဲ့ တွေ့ဆုံနေတယ်လို့ အတိုက်အခံဘက်ကရော အစိုးရဘက်ကပါ ပြောပါတယ်။

လက်ရှိ အာဏာရ မူဆလင် ညီအကိုတော်များအဖွဲ့ရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ လွတ်မြောက်ရေးနဲ့ တရားမျှတမှု ပါတီကတော့ - တရားဝင် ရွေးကောက် တင်မြှောက်ခံထားရတဲ့ သမ္မတကိုသာ အသိအမှတ်ပြုတဲ့အတွက် စစ်ဦးစီးချုပ် အဘ်ဒဲ ဖာတာ အယ်လ် စီစီ (Abdel Fattah al-Sisi) ဖိတ်ခေါ်တဲ့ အဲ့ဒီအစည်းအဝေးပွဲကို တက်ဖို့ ငြင်းပယ်ခဲ့ပါတယ်။

သမ္မတ မိုဟာမက် မော်စီအနေနဲ့ သူ ရာထူးက ဆင်းပေးဖို့ တောင်းဆို ဆန္ဒပြနေကြတာတွေကို လိုက်လျောမလား၊ ဒါမှဟုတ် စစ်တပ်က ကြားဝင် ဆောင်ရွက်တာကို လက်ခံမလားဆိုပြီး နောက်ဆုံး သတိပေးချက် ထုတ်ပြန်ထားတဲ့ ကန့်သတ်ချိန် မတိုင်ခင် နာရီပိုင်းအလိုမှာ အခုလို တွေ့ဆုံနေကြတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း အီဂျစ်နိုင်ငံအတွင်းက မြို့အတော်များများမှာ
ပြည်သူအများစုက ဆက်လက် ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။ အစ္စလာမ်ဝါဒီ သမ္မတကို ထောက်ခံသူတွေ ရှိနေသလို ကျန်အများစုကလည်း သမ္မတ ရာထူးက ဆင်းပေးဖို့အတွက် တောင်းဆို ဆန္ဒပြနေကြတာပါ။

အခုနောက်ဆုံး ဖြစ်ပေါ်တဲ့ ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူ ၁၈ ဦးသေဆုံးပြီး ၂၀၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြော ပါတယ်။
XS
SM
MD
LG