အီဂျစ်နိုင်ငံက လူနည်းစု ခရစ်ယာန် ဘာသာဝင်တွေက သူတို့အပေါ် အစိုးရက အကာအကွယ်ပေးဖို့ ပျက်ကွက်တယ်ဆိုပြီး ကိုင်ရိုမြို့တော်မှာ ခရစ်ယာန် ရာပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။
အစိုးရ ၀န်ကြီးတယောက်ရဲ့ ကားကို ဆန္ဒပြသူတွေ တိုက်ခိုက်ခဲ့ကြသလို ကိုင်ရိုမြို့တော်မှာရှိတဲ့ စိန့်မာ့ခ် ဘုရားကျောင်း အပြင်မှာ ရဲတွေနဲ့ ဆန္ဒပြသူတွေ ပဋိပက္ခ ဖြစ်ခဲ့ကြပါတယ်။ နိုင်ငံမြောက်ပိုင်း အလက်ဇန်းဒြီးယား (Alexandria) မြို့မှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။
နှစ်သစ်ကူးနေ့တုန်းက ခရစ်ယာန် ဘုရားကျောင်းလာသူ ၂၁ ယောက် သေဆုံးခဲ့ရတဲ့ ဗုံးခွဲတိုက်ခိုက်မှုကို အယ်လ်ကိုင်းဒါး (al Qaeda) အဖွဲ့ကို အားကျနေတဲ့ နိုင်ငံထဲက စစ်သွေးကြွတွေလုပ်တာ ဖြစ်နိုင်တယ်လို့ အီဂျစ် လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။
ဗုံးကွဲတဲ့ အလက်ဇန်းဒြီးယားမြို့မှာ အခြေစိုက်တဲ့ အစွန်းရောက် ဆာလာဖီ ဆွန်နီ မွတ်ဆလင် (Salafi Sunni Muslims) အဖွဲ့ကို စုံစမ်းနေတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ပြောပါတယ်။
တော်တော်များများ ဒဏ်ရာရသွားတဲ့ ခရစ်ယာန် ဘုရားကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်မှုအတွက် ၁၇ ယောက်ထက် မနည်းကို စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးထားတယ်လို့လည်း သက်ဆိုင်ရာက ပြောပါတယ်။
ပူဆွေးနေကြတဲ့ ခရစ်ယာန် ဘာသာဝင်တွေ တနင်္ဂနွေနေ့မှာတော့ ဘုရားကျောင်းမှာ ပြန်လာ ဝတ်ပြုခဲ့ကြပါတယ်။
စနေနေ့ ဗုံးကွဲမှုကြောင့် စွန်းနေတဲ့ သွေးကွက်တွေကို မြင်နေရဆဲ ဖြစ်ပါတယ်။ ဘုရားကျောင်းထဲမှာ ဝတ်ပြုနေကြစဉ် အချိန်အတွင်း သက်ဆိုင်ရာက လုံခြုံရေးတွေကို အပြင်မှာ အထူအထပ် ချပေးထားပါတယ်။
ဗုံးခွဲတိုက်ခိုက်မှုဟာ ဘုရားသခင်နဲ့ လူသားအားလုံးအပေါ် စော်ကားလိုက်တာ ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဘန်နဒစ် (Benedict) က ပြောဆိုပြီး ထပ်မံ အပြစ်တင်ပါတယ်။
အီဂျစ်သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) ကလည်း ဒီတိုက်ခိုက်မှုဟာ ခရစ်ယာန်တွေကိုတင် မဟုတ်ဘဲ အီဂျစ်လူမျိုးတွေ အားလုံးကို တိုက်ရိုက် တိုက်ခိုက်လိုက်တာ ဖြစ်တယ်လို့ အပြစ်တင်ပါတယ်။
နှစ်သစ်ကူးနေ့ ဝတ်ပြုဆုတောင်းကြမယ့် အီဂျစ်လူမျိုး ခရစ်ယာန် ဘာသာဝင်တွေ စုဝေးနေချိန်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအတွက် ဘယ်အဖွဲ့ကမှတော့ ခုချိန်ထိ တာဝန်ယူ ပြောကြားခြင်း မရှိသေးပါဘူး။