သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်အကူအညီပေးရေး ဝန်ကြီးကလင်တန် ကမ်းလှမ်း


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ အီဂျစ်နိုင်ငံမှာ နှစ်ရက်ကြာ နေထိုင်ခဲ့ပြီး အစ္စရေးနိုင်ငံ တဲလ်အဗီး (Tel Aviv) မြို့တော်ကို ဇူလိုင်လ ၁၅ ရက်နေ့က ရောက်ရှိလာခဲ့ပါတယ်။ အီဂျစ်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အခက်အခဲတွေနဲ့ ရုန်းကန်နေရပြီး နုနယ်လှတဲ့ အီဂျစ် အစိုးရသစ်ကို စီးပွားရေး အထောက်အကူတွေ ပေးသွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။

ဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ဆုံခဲ့တဲ့ အီဂျစ်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုဟာမက် ဟူစိန် တန်တာဝီ (Field Marshal Mohamed Hussein Tantawi) ကလည်း၊ အီဂျစ်နိုင်ငံအတွက် ဦးစားပေးလုပ်ငန်းဟာ စီးပွားရေး ပြန်လည် တိုးတက်လာရေး ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဝန်ကြီးကလင်တန်ကလည်း အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ကိုးကွယ်ရာ ဘာသာမတူတဲ့ လူနည်းစုတွေ အပါအဝင် အီဂျစ် နိုင်ငံသားအားလုံးရဲ့ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ရေးဟာလည်း အရေးကြီးကြောင်း အလေးအနက်ပြောဆိုခဲ့ပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့က ဝန်ကြီးကလင်တန်ဟာ အီဂျစ်ရဲ့ ပထမဆုံး ဒီမိုကရေစီ နည်းစနစ်နဲ့ ရွေးကောက်ခံခဲ့ရတဲ့ သမ္မတ မိုဟာမက်မော်စီ (Mohamed Morsi) နဲ့လည်း တွေ့ဆုံခဲ့ပြီးတော့ အီဂျစ်ရဲ့ စီးပွားရေး လုပ်ငန်းငယ်တွေကို ကူညီရေးနဲ့ ပုဂ္ဂလိက စီးပွားရေးနယ်ပယ် ချေးငွေတွေအတွက် ကူညီရေးအပြင်၊ အမေရိကန်က ဒေါ်လာသန်းပေါင်း တစ်ထောင် ကြွေးမြီကို လျှော်ပစ်ရေးတွေကိုလည်း ကတိပြုခဲ့ပါတယ်။ အီဂျစ်သမ္မတ မိုဟာမက်မော်စီနဲ့ အီဂျစ်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုဟာမက် ဟူစိန် တန်တာဝီ တို့ကြားက အာဏာလွန်ဆွဲမှု အကြောင်းကိုတော့ ဝန်ကြီးကလင်တန်က လူသိရှင်ကြား မပြောဘဲ ရှောင်ရှားခဲ့ပါတယ်။

စစ်ကောင်စီအစိုးရ အုပ်ချုပ်နေချိန် ပြီးခဲ့တဲ့ဇွန်လက ရွေးကောက်ပွဲ မဲမသာမှုတွေကြောင့် ဆိုပြီး စစ်ကောင်စီအမိန့်နဲ့ အီဂျစ် တရားရုံးချုပ်က ဖျက်သိမ်းခဲ့တဲ့ လွှတ်တော်ရဲ့ အစည်းအဝေးကို သမ္မတ မိုဟာမက်မော်စီက ပြန်လည်ခေါ်ယူပြီး အကျဉ်းရုံးကျင်းပခဲ့ပါတယ်။

XS
SM
MD
LG