သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ်မစ်တွေကို သေဒဏ်စီရင်ချက် အီဂျစ်တရားရုံး အတည်ပြု


မွတ်ဆလင်ညီအကိုတော်များအဖွဲ့ကို ထောက်ခံသူတွေနဲ့ တခြား အစ္စလာမ်မစ်တွေက သေဒဏ်စီရင်ချက်ကို ကြားနာပြီးနောက် ရှေ့နေခေါ်ပေးဖို့ အော်ဟစ် တောင်းဆိုကြစဉ်။
မွတ်ဆလင်ညီအကိုတော်များအဖွဲ့ကို ထောက်ခံသူတွေနဲ့ တခြား အစ္စလာမ်မစ်တွေက သေဒဏ်စီရင်ချက်ကို ကြားနာပြီးနောက် ရှေ့နေခေါ်ပေးဖို့ အော်ဟစ် တောင်းဆိုကြစဉ်။
အီဂျစ်နိုင်ငံမှာ စစ်အာဏာသိမ်းပြီး ဖြုတ်ချခံခဲ့ရတဲ့ သမ္မတဟောင်း မိုဟာမက်ဒ် မော်စီရဲ့ပါတီဖြစ်တဲ့ မူစလင်ညီအကိုတော်များအဖွဲ့ ခေါင်းဆောင် Mohamed Badie အပါအဝင် အစ္စလာမ်ဝါဒီ ၁၈၃ ဦးအပေါ် သေဒဏ်ချမှတ်ထားတာကို အီဂျစ်တရားရုံးတခုက အတည်ပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က Minya ခရိုင်မှာ ရဲအရာရှိတွေကို သတ်ဖြတ်မှု၊ သတ်ဖို့ကြိုးစားခဲ့မှုဆိုင်ရာ စွဲချက်တွေနဲ့ အစောပိုင်းမှာ လူ ၆၈၃ ဦးကို တရားရုံးက သေဒဏ်ချမှတ်ထားတာပါ။ အဲဒီအခင်းဖြစ်တဲ့နေ့ဟာ ကိုင်ရိုမြို့တော်မှာ မစ္စတာမော်စီကိုထောက်ခံသူ ရာပေါင်း များစွာကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့တဲ့ တနေ့တည်း ဖြစ်ပါတယ်။ မတ်လမှာ အလျင်စလိုတရားစီရင်ပြီး သေဒဏ်ချမှတ်ခဲ့တဲ့အပေါ် နိုင်ငံတကာက ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။

တရားရုံးရဲ့ ကနဦးဆုံးဖြတ်ချက်ကို mufti လို့ခေါ်တဲ့ နိုင်ငံရဲ့ အမြင့်ဆုံး ဘာသာရေးအာဏာပိုင်အဖွဲ့ဆီ တင်ပြခဲ့ပြီးတဲ့နောက် ဒီကနေ့ တရားရုံးရဲ့ အတည်ပြုချက် ထွက်လာတာပါ။ ဒီအဆင့်ဟာဖြင့် သေဒဏ်စီရင်ဖို့ရာ ပထမဆုံးအဆင့်ဖြစ်ပါတယ်။ ၁၈၃ ဦးကို သေဒဏ်ချမှတ်ခဲ့တဲ့အပြင် လေးဦးကို ထောင်ဒဏ်တသက်တကျွန်းနဲ့ ၄၉၆ ဦးကိုတော့ အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ တယ်လို့ ရှေ့နေတွေက ဒီကနေ့မှာပြောပါတယ်။

Badie ဟာ သီးခြား အမှုတခုနဲ့လည်း ဒုတိယ သေဒဏ် ချမှတ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။
XS
SM
MD
LG