သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအုံကြွမှုတွေကြားက အီဂျစ်စီးပွားရေး


အီဂျစ်နိုင်ငံကို နှစ်ပေါင်း ၃၀ အုပ်ချုပ်လာတဲ့ သမ္မတ ရာထူးကဆင်းဖို့ တောင်းဆိုဆန္ဒပြမှုတွေက စီးပွားရေးမှာ ထိခိုက်မှုတွေ ဖြစ်လာရပါတယ်။
အီဂျစ်နိုင်ငံကို နှစ်ပေါင်း ၃၀ အုပ်ချုပ်လာတဲ့ သမ္မတ ရာထူးကဆင်းဖို့ တောင်းဆိုဆန္ဒပြမှုတွေက စီးပွားရေးမှာ ထိခိုက်မှုတွေ ဖြစ်လာရပါတယ်။

ဖေဖော်ဝါရီ ၇၊ ၂၀၁၁-အီဂျစ်နိုင်ငံက နိုင်ငံရေး မတည်ငြိမ်မှုတွေဟာ တိုင်းပြည်စီးပွားရေးသာမက ကမ္ဘာ့စီးပွားရေးကိုပါ ရိုက်ခတ်နေပါတယ်။

လူထုအုံကြွမှုတွေ ကြုံခဲ့ရတဲ့ အီဂျစ်နိုင်ငံမှာ စီးပွားရေး ပြဿနာတွေနဲ့ ရင်ဆိုင်လာနေရသလို မတည်ငြိမ်မှုတွေက ကမ္ဘာ့စီးပွားရေး အပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာပါတယ်။ အဓိကရေနံထုတ်လုပ်ရာ တိုင်းပြည်တခုအနေနဲ့ နိုင်ငံရေး မငြိမ်မသက်မှုတွေ ရှိခဲ့တာမို့ ကမ္ဘာ့ရေနံဈေးကွက်မှာပါ ဈေးတွေတက်လာခဲ့သလို၊ ငွေကြေးဖောင်းပွမှုလို စီးပွားရေး အန္တာရာယ်တွေလည်း ကြီးထွားလာနေတာပါ။

တကယ်တော့ နိုင်ငံရေး အခြေအနေတွေသာမက စီးပွားရေး တိုးတက်မှု မရှိတဲ့ အခြေအနေတွေအပေါ် မကျေနပ်မှုတွေကနေ အီဂျစ်နိုင်ငံက ပြဿနာတွေဟာ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Mil Arcega ရဲ့ သတင်းပေးပို့ချက်နဲ့အတူ အီဂျစ်စီးပွားရေး အခြေအနေတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အဓိကရေနံထုတ်လုပ်တဲ့ နိုင်ငံတခုအဖြစ် စူးအက်တူးမြောင်းကနေ နေ့စဉ် ရေနံစည်ပေပါ ၂ သန်းနီးပါး တင်ပို့နေတာပါ။ ဒါပေမဲ့လည်း နှစ်ပေါင်း ၃၀ အုပ်ချုပ်လာတဲ့ သမ္မတ ဟိုစနီ မူဘာရက်ခ် (Hosni Mubarak) ရာထူးက ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေကနေ သွေးထွက်သံယို ပဋိပက္ခတွေအထိ ကြီးထွားလာနေရာက ဒီအခြေအနေတွေ အပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။ အထူးသဖြင့်ကတော့ သမ္မတကို ထောက်ခံသူတွေက ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသမားတွေနဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့နောက် ကမ္ဘာ့ဈေးကွက်မှာ ရေနံစိမ်း စည်တပေပါကို ၁၀၃ ဒေါ်လာလောက်အထိ မြင့်တက်လာခဲ့တဲ့အတွက် ငွေကြေးဖောင်းပွမှုတွေ တိုးလာမှာ၊ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာတဲ့ အခြေအနေတွေအပေါ် ခြိမ်းခြောက်မှုတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်မှုတွေ ထွက်ပေါ်လာတာပါ။

အီဂျစ်နိုင်ငံရဲ့ ရေနံထုတ်လုပ်မှုတွေမှာ ထိခိုက်မှုတွေ ရှိလာတာနဲ့အမျှ ကမ္ဘာ့စီးပွားရေး အပေါ် အကျိုးဆက်တွေ ကြီးကြီးမားမား ရှိလိမ့်မယ်လို့ Vantage Trading ကုမ္ပဏီက တင်မ် ဂျန်နင်း (Tim Jennings) တို့လို ရေနံကုန်သည်တွေက ပူပမ်နေကြတာပါ။
“အကြောင်းကြောင်းတွေကြောင့် စူးအက်တူးမြောင်းက ထောက်ပံ့ရေးလမ်းကြောင်းမှာ အဟန့်အတားတွေ ရှိမယ်ဆိုရင် ရေတိုမှာ ကြုံရမယ့် အဓိက အန္တာရယ်အဖြစ်နဲ့ကတော့ တူးမြောင်းတလျှောက်သွားလာကြတဲ့ ရေနံတင်သင်္ဘော လမ်းကြောင်းတွေ ပိတ်ဆို့ကုန်တာတွေ ဖြစ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါဟာလည်း ရေနံဖြန့်ဖြူးထုတ်လုပ်မှုနဲ့ ထောက်ပံ့မှု အပိုင်းမှာ အသက်ရှုကျပ်မယ့် ကိစ္စလို့ အမေရိကန် ပြည်ထောင်စုက ယူဆထားတာပါ။”

အီဂျစ်နိုင်ငံက နိုင်ငံရေးပြဿနာတွေနဲ့အတူ ရေနံဈေးနှုန်းတွေ နောက်ထပ် တက်လာဦးမယ်လို့လည်း မျှော်လင့်ထားကြတာ ဖြစ်ပေမဲ့ စူးအက်တူးမြောင်းကို ဒေသတွင်း စွမ်းအင်တင်ပို့မှုတွေမှာ အဓိကအားထားနေရတဲ့ အတွက် ပိတ်လိုက်ရတဲ့ အဖြစ်မျိုးအထိတော့ မဖြစ်နိုင်ဘူးလို့လည်း အကဲခတ်တွေက ယုံကြည်ထားကြတာပါ။ ဒါပေမဲ့လည်း နိုင်ငံရေး အခြေအနေတွေ မရေမရာ ရှိနေတာနဲ့အမျှ အခြေအနေတွေဟာ ကံသေကံမ စိတ်ချထားဖို့တော့ ခက်တယ်လို့ စွမ်းအင် ကုမ္ပဏီတခုဖြစ်တဲ့ Area Internatioinal Trading ကော်ပိုရေးရှင်းက အိုင်ယာ အက်စတိန်း (Ira Eckstein) က ဆိုပါတယ်။
“စူးအက်တူးမြောင်းကို ပိတ်လိုက်မလားလို့မေးရင် ကျနော်သေချာ မပြောနိုင်ပါဘူး။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ ပြဿနာတွေ တက်လာပြီ ဆိုရင်တော့ ဒါကို ရှောင်ရှားဖို့အတွက်ကတော့ ဧရာမပြဿနာ ဖြစ်လာပါလိမ့်မယ်။ အမေရိကန်ကို သွားဖို့ နောက်ထပ် ၁၀ ရက်၊ ဥရောပကို ၁၈ ရက်ပိုပြီး အချိန်ကြာမှာ ဖြစ်ပါတယ်။ ဒါဟာတကယ့်ကို အရှုပ်တော်ပုံ ဖြစ်လာပါလိမ့်မယ်။”

ဒီထက်ပိုပြီး စိုးရိမ်မကင်း ဖြစ်နေရတဲ့ အကြောင်းရင်း တခုအနေနဲ့ကတော့ အီဂျစ်နိုင်ငံက မတည်ငြိမ်မှုတွေဟာ ပင်လယ်ကွေ့ ဒေသက တခြားရေနံထုတ်လုပ်တဲ့ နိုင်ငံတွေကိုပါ ကူးစက်နိုင်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အီဂျစ်နဲ့ တူနီးရှားနိုင်ငံတွေက အခြေအနေတွေကြောင့် ရေနံဈေးတွေ ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှာကို စိုးရိမ်မှုတွေနဲ့အတူ ရင်းနှီးမြုပ်နှံသူတွေက ပိုင်ဆိုင်မှု ဈေးကွက်မှာ တန်ဘိုးတွေမြင့်မားလာမှာကိုလည်း ပူပမ်နေကြတာပါ။

တကယ်တော့ အီဂျစ်နိုင်ငံကြုံနေရတဲ့ ပြဿနာတွေဟာ နိုင်ငံရေး လွတ်လပ်ခွင့် အတွက်သာမက၊ ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့နှုန်း မြင့်မားမှုတို့လို စီးပွားရေး အခြေအနေတွေအပေါ် မကျေနပ်မှုတွေအပေါ်မှာလည်း အဓိက အခြေခံနေတာ ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၁၃ ရာခိုင်နှုန်းနီးပါးအထိ ရှိနေပြီး အီဂျစ်နိုင်ငံ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းဟာ ဆိုရင်လည်း ဆင်းရဲမွဲတေတဲ့အဆင့် ဒါမှမဟုတ်ရင်လည်း ဒီထက်နိမ့်ကျတဲ့ အခြေအနေမှာ ရှိနေကြတာပါ။ ဒီအတွက် စားဝတ်နေရေး နေ့တဓူ၀ ရုန်းကန်နေရတဲ့ အီဂျစ်နိုင်ငံသားတွေ အနေနဲ့ သမ္မတ မူဘာရက်ခ် ရဲ့ မူဝါဒတွေကို ဆန့်ကျင်လာကြတာလို့ အမေရိကန် ပြည်ထောင်စုက နိုင်ငံခြားဆက်ဆံရေးရာ ကောင်စီက မူဝါဒရေးရာ သုံးသပ်သူ အီလိယော့ အေဗရမ် (Elliott Abrams) က ဆိုပါတယ်။
“လူတွေက အခြေခံအားဖြင့် အချက် ၂ ချက်ကို တောင်းဆိုကြတာပါ။ လွတ်လပ်ခွင့်ပေးပါ၊ အစားအသောက်ပေးပါ။ အီဂျစ်နိုင်ငံမှာ စီးပွားရေး အကြီးအကျယ် ဖွံ့ဖြိုးလာတယ်၊ စတော့ခ်ရှယ်ယာ ဈေးကွက်တွေ အများကြီးရှိလာတယ်၊ ပြည်ပက တိုက်ရိုက်ရင်းနှီး မြုပ်နှံမှုတွေဟာလည်း အမြောက်အများရှိလာပါတယ်။ ဒါပေမဲ့လည်း ဒါတွေက အားလုံးအတွက် တပြေးညီရှိမနေပါဘူး။ ချမ်းသာတဲ့ လူတွေက အရမ်းချမ်းသာလာပြီး၊ ဆင်းရဲတဲ့လူတွေကတော့ ချမ်းသာမလာကြပါဘူး။”

အီဂျစ်နိုင်ငံရဲ့ ပျမ်းမျှလူတဦးချင်း ကုန်ထုတ်လုပ်မှု ပမာဏတွေ နှစ်ဆတိုးလာတဲ့အထိ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ၂၀၀၄ ခုနှစ်ကစလို့ ကျင့်သုံးခဲ့ပေမဲ့လည်း အီဂျစ်လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟာ တနေ့ကို ဝင်ငွေ အမေရိကန် ၂ ဒေါ်လာနဲ့ အောက်မှာသာ ရကြတာပါ။ အီဂျစ်နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ အန္တာရာယ်ရှိလောက်တဲ့အဆင့်အထိ မြင့်မားနေတာကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း သတိပေးနေတာပါ။ တိုင်းပြည်လူဦးရေရဲ့ ၁၂ ရာခိုင်နှုန်းရှိတဲ့ လူ ၁၀ သန်း လောက်ဟာ အလုပ်လက်မဲ့ဖြစ်နေကြရပြီး၊ အထူးသဖြင့်ကတော့ လူငယ်တွေ အလုပ်အကိုင်မရနိုင်ပဲ ဖြစ်နေရတာမို့ ဒါဟာ ချိန်ကိုက်ဗုံးတလုံးလို ဖြစ်နေပြီလို့ လူထုအုံကြွမှုတွေ မဖြစ်မီ ၂ ရက်အလိုမှာပဲ IMF စီမံခန့်ခွဲမှုဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါမနစ် စထောခန် (Dominique Strauss-Khan) က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဝါရှင်တန်ပို့စ် သတင်းစာ ကိုင်ရိုမြို့ဌာနခွဲရဲ့ အကြီးအကဲဟောင်း ဒေးဗစ် အောတဝေး (David Ottaway) ကတော့ အထူးသဖြင့် ဘွဲ့ရပညာတတ်တွေကြား အလုပ်အကိုင် ရှားပါးမှုဟာ ပြဿနာ ဖြစ်နေရတာလို့ ဆိုပါတယ်။
“ကောလိပ်ကျောင်းသားတွေ၊ အထူးသဖြင့် အစိုးရကပေးတဲ့ အခြေခံလစာနဲ့ မလောက်ကြတော့ အပြင်မှာ နောက်ထပ် အလုပ်တခု ထပ်လုပ်ကြရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ဘွဲ့ရတဲ့ လူငယ်တယောက်ဟာ ဒီကနေ့မှာ ဘယ်လိုမှ ကောင်းကောင်းမွန်မွန် နေနိုင်ဖို့ မလွယ်ဘူး။ အီဂျစ်မှာ နိုင်ငံရေးသဘော ကွဲလွဲချက်တွေထက် စီးပွားရေး ပြဿနာက အဓိကပဲလေ။”

သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်တွေကို စိတ်ဝင်စားကြတဲ့ ကမ္ဘာလှည့်တွေကြား ရေပမ်းစားတဲ့ အီဂျစ်နိုင်ငံမှာ မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေတွေကြောင့်လည်း ခရီးသွားလုပ်ငန်းတွေမှာလည်း ထိခိုက်နေရတာပါ။ ထောင်ဂဏန်းချီရှိတဲ့ ခရီးသွားတွေ ခရီးစဉ်တွေကို ဖျက်သိမ်းတာ၊ လေကြောင်းခရီးစဉ်တွေ ရပ်ဆိုင်းတာတွေ ဖြစ်ခဲ့တဲ့အတွက်လည်း နိုင်ငံခြားဝင်ငွေ အဓိကရနေပြီး တိုင်းပြည် ကုန်ထုတ်လုပ်မှု ပမာဏရဲ့ ၅ ရာခိုင်နှုန်းရှိတဲ့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းမှာ အကြီးအကျယ် ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေ သီတင်းတပတ်ကျော်ကြာ ဖြစ်ပွားလာတာနဲ့အမျှ အီဂျစ်နိုင်ငံရဲ့ စတော့ခ်ဈေးကွက်တွေ ဘဏ်လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားရတာပါ။

စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်လာနေရတဲ့အတွက် နိုင်ငံတကာ ဘဏ္ဍာရေး လုပ်ငန်းတွေက အီဂျစ်ရဲ့ စီးပွားရေးအဆင့်အတန်းကိုလည်း လျှော့ချသတ်မှတ်လာကြပါတယ်။ Moody’s ဘဏ္ဍာရေးအကဲဖြတ် ကုမ္ပဏီကြီးက အီဂျစ်နိုင်ငံ အဆင့်အတန်းကို လျှော့ချလိုက်ပြီး ရက်အနည်းငယ်အကြာမှာပဲ S&P ကုမ္ပဏီကလည်း အီဂျစ်နိုင်ငံရဲ့ နိုင်ငံခြားငွေတန်ဘိုး ခိုင်မာမှု အဆင့်အတန်းကို တဆင့်နှိမ့် သတ်မှတ်လိုက်တာပါ။ ဒီလိုပဲ နောက်ထပ် အဆင့်လျှော့ချ သတ်မှတ်နိုင်တဲ့ အလားအလာတွေလည်း ရှေ့လာမယ့် ၃ လအတွင်း ဖြစ်နိုင်ဖွယ်ရှိတယ်လို့ S&P ကုမ္ပဏီကြီးက သတိပေးထားတာမို့ နိုင်ငံရေး ပြဿနာတွေ မပြေလည်နိုင်သေးသရွေ့ အီဂျစ်စီးပွားရေး အလားအာလတွေဟာလည်း မှေးမှိန်နေဖို့သာ ရှိနေဆဲ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG