သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုအုံကြွမှုတွေအပြီး အီဂျစ်မှာပထမဆုံးအကြိမ် ရွေးကောက်ပွဲကျင်းပ


ကိုင်ရိုမြို့က မဲရုံတစ်ခုမှာ မဲပေးဖို့ တန်းစီနေကြသည့် အီဂျစ်အမျိုးသမီးတချို့။ (နိုဝင်ဘာလ ၂၈၊ ၂၀၁၁)
ကိုင်ရိုမြို့က မဲရုံတစ်ခုမှာ မဲပေးဖို့ တန်းစီနေကြသည့် အီဂျစ်အမျိုးသမီးတချို့။ (နိုဝင်ဘာလ ၂၈၊ ၂၀၁၁)

အီဂျစ်နိုင်ငံသားတွေနိုင်ငံရဲ့ ပထမဆုံး လွှတ်တော်ရွေးကောက်ပွဲတွေအတွက် ဒီကနေ့ မဲပေးနေကြပါပြီ။ အီဂျစ်နိုင်ငံကို နှစ် ၃၀ ကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတဟောင်း ဟိုစနီမူဘာရက်ကို ဖြုတ်ချခဲ့တဲ့ လူထုအုံကြွမှုတွေ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ ဖြစ်ခဲ့ပြီးတဲ့နောက်ကျင်းပတဲ့ ရွေးကောက်ပွဲတွေလည်း ဖြစ်ပါတယ်။

မဲရုံတွေ မဖွင့်ခင် ဒီကနေ့ မနက်စောစောကတည်းကိုက မဲဆန္ဒရှင်တွေဟာ မဲရုံတွေရှေ့မှာ တန်းစီ စောင့်နေခဲ့ကြတာကြောင့် မဲပေးသူအရေအတွက် များမယ်လို့ယူဆကြပါတယ်။ နေ့လယ်ပိုင်းအထိတော့ မမှန်မကန်လုပ်တာတွေ ဒါမှမဟုတ် အကြမ်းဖက်တာတွေ မကြားရသေးပါဘူး။ ထောင်ပေါင်းများစွာသော အီဂျစ်တရားသူကြီးတွေက မဲပေးပွဲကို စောင့်ကြည့် ကြီးကြပ်နေကြပါတယ်။

အောက်လွှတ်တော် ရွေးကောက်ပွဲတွေကို အဓိကမြို့တွေဖြစ်တဲ့ ကိုင်ရိုနဲ့ အလက်ဇန်းဒရီးယားတို့အပြင် တခြားပြည်နယ် ခုနှစ်ခုမှာလည်း ကျင်းပနေပါတယ်။ အဲဒီဒေသတွေအတွက် နောက်တကျော့ ရွေးကောက်ပွဲတွေကိုတော့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကျင်းပဖို့လျာထားပါတယ်။

အီဂျစ်နိုင်ငံက ပြည်နယ် ၂၇ ခုမှာ သီးခြားစီကျင်းပတဲ့ ရွေးကောက်ပွဲ သုံးဆင့်အတွက် မဲပေးပွဲတွေဟာ ဇန်နဝါရီလအစောပိုင်းမှာ ပြီးဆုံးမှာဖြစ်ပါတယ်။ အဲဒီနောက်မှာ အထက်လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပမှာဖြစ်ပြီး မတ်လမှာ အဆုံးသတ်ပြီးတဲ့နောက် အခြေခံဥပဒေသစ်တစ်ခုကို ရေးဆွဲဖို့ ညီလာခံကျင်းပမှာဖြစ်ပါတယ်။

XS
SM
MD
LG