သုံးရလွယ်ကူစေသည့် Link များ

အီဂျစ်ရွေးကောက်ပွဲ လက်ရှိအစိုးရကို မဖြုတ်နိုင်


အီဂျစ်ရွေးကောက်ပွဲ လက်ရှိအစိုးရကို မဖြုတ်နိုင်

လူထုအုံကြွမှုကြောင့် အနှစ် ၃၀ ကြာ သမ္မတ မူဘာရက် အုပ်ချုပ်ရေး ဖေဖော်ဝါရီလက အဆုံးသတ် သွားပြီးတဲ့နောက် အီဂျစ်ပြည်သူတွေဟာ ပထမဆုံး ပါလီမန်ရွေးကောက်ပွဲမှာ တနင်္လာနေ့က စတင် မဲပေးခဲ့ကြပါတယ်။ မဲရုံမဖွင့်မီကတည်းက မဲပေးမယ့်သူတွေက တန်းအရှည်ကြီး စီနေခဲ့ကြပါတယ်။ မဲပေးသူ အများအပြားက ဒါ ပထမဆုံး မဲပေးတာလို့ ပြောကြပါတယ်။ တဟီရာရင်ပြင်မှာ မကြာမီက ချေမှုန်းခဲ့တာတွေ ရှိပေမဲ့ မဲပေးပွဲက ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပါတယ်။

ထောင်ပေါင်းများစွာသော တရားသူကြီးတွေက မဲပေးပွဲကို ကြီးကြပ်နေကြတာပါ။ တခြား ခရိုင် ၇ ခရိုင်နဲ့အတူ ကိုင်ရိုနဲ့ အလက်ဇန်ဒရီးယားမြို့ကြီးတွေမှာ အောက်လွှတ်တော် ရွေးကောက်ပွဲကို စခဲ့တာဖြစ်ပါတယ်။ အမတ်လောင်း တစ်ယောက်က ၅၀% ထက် ကျော်ပြီး မဲမရရင် ထိပ်ဆုံး မဲအများဆုံးရသူ ၂ ယောက် ထပ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီ ဒုတိယအကြော့ မဲပေးပွဲကိုတော့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကျင်းပမှာပါ။

အီဂျစ်မှာရှိတဲ့ ခရိုင် ၂၇ ခုဟာလည်း ပထမအကြော့အပြင် လိုအပ်ရင် ဒုတိယအကြော့ပါ မဲပေးကြရမှာမို့ အောက်လွှတ်တော် ရွေးကောက်ပွဲက ဇန်န၀ါရီလအစောပိုင်းမှာမှ ပြီးဆုံးမှာဖြစ်ပါတယ်။ အထက်လွှတ်တော် ရွေးကောက်ပွဲကတော့ မတ်လကုန်မှ ပြီးမှာဖြစ်ပါတယ်။ ဒီနောက်မှာတော့ လွှတ်တော် နှစ်ရပ်က ဖွဲ့စည်းပုံအသစ်ကို ရေးဆွဲကြမှာပါ။

သြဇာကြီးမားတဲ့ မူစလင် ညီအစ်ကိုတော်များအဖွဲ့ဟာ ဒီရွေးကောက်ပွဲမှာ အင်အားကောင်းကောင်းနဲ့ ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒီရွေးကောက်ပွဲအရ တက်လာမယ့် လွှတ်တော်ဟာ စစ်ကောင်စီက ခန့်ထားတဲ့ အစိုးရကိုတော့ ဖြုတ်ချလို့မရပါဘူး။ ဖွဲ့စည်းပုံအသစ် ပေါ်လာပြီးရင်တောင်
တပ်မတော်ရဲ့ အနေအထားက ယခုအတိုင်း ရှိလိမ့်မယ်လို့ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်ကြီး Hussein Tantawi က တနင်္ဂနွေနေ့ က ကြေညာခဲ့ပါတယ်။

XS
SM
MD
LG