သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတရွေးကောက်ပွဲ စစ်ခေါင်းဆောင်ဟောင်း el-Sissi အပြတ်အသတ်နိုင်


အီဂျစ်နိုင်ငံမှာ ပြုလုပ်နေတဲ့ သမ္မတရွေးကောက်ပွဲရဲ့ အစောပိုင်းထွက်လာတဲ့ ရလဒ်တွေအရ အရင်ကာကွယ်ရေးဦးစီးချုပ်ဟောင်း Abdel-Fattah el-Sissi က မဲအပြတ်အသတ်နဲ့ ဦးဆောင်နေပါတယ်။

ပထမအကြိမ်ထွက်လာတဲ့ ရလဒ်တွေအရ Sissi က မဲအရေအတွက် ၉၃ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပြီး တဦးတည်းသော သူ့ရဲ့ ပြိုင်ဖက်ဖြစ်တဲ့ လက်ဝဲဝါဒီ Hamdeen Sabahi ကတော့ ၃ ရာခိုင်နှုန်းလောက် ရရှိထားတယ်လို့ ဆိုပါတယ်။

မဲပေးသူတွေ မဲပေးနိုင်အောင် ဗုဒ္ဓဟူးနေ့တရက် ထပ်တိုးပေးထားတဲ့ကြားကပဲ မဲပေးသူ အရေအတွက်ဟာ ၄၄ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲ နောက်ဆုံး ရလဒ်တွေကိုတော့ ရှေ့သီတင်းပတ်အတွင်း ကြေညာပေးမှာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ မူဆလင်ညီအကိုတော်များအဖွဲ့က တိုက်တွန်းထားပါတယ်။ Sissi နဲ့ သူ့မဟာမိတ်တွေဟာ မဲမသမာမှုတွေနဲ့ လိမ်လည် လှည့်ဖျားမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မူဆလင်ညီအကိုတော်များအဖွဲ့က စွပ်စွဲ ပြောဆိုထားတာပါ။ Sissi သမ္မတ ဖြစ်မယ့်အစီအစဉ်ဟာ အစ္စလာမ်ဝါဒီ မိုဟာမက် မော်စီကို ရာထူးက ဖြုတ်ချပြီး စစ်တပ်က မနှစ်က အာဏာသိမ်းလိုက်တာရဲ့ နောက်ဆက်တွဲ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ သေဆုံးခဲ့မှုအတွက် မိုဟာမက် မော်စီနဲ့ မူဆလင်ညီအကိုတော်များအဖွဲ့ကို ထောက်ခံသူ အတော်များများဟာ တရားရုံးမှာ အမှု ရင်ဆိုင်နေကြရတာပါ။ မူဆလင် ညီအကိုတော်များအဖွဲ့အနေနဲ့ အီဂျစ်မှာ အနာဂတ် မရှိဘူးလို့ ဗိုလ်ချုပ်ကြီး Sissi က ပြောပါတယ်။
XS
SM
MD
LG