သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်နိုင်ငံ ဘောလုံးပွဲ ရုန်းရင်းဆန်ခတ်မှု လူတဦးသေဆုံး


အီဂျစ်နိုင်ငံမြောက်ပိုင်းက Port Said မြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေါသထွက်နေတဲ့ ဘောလုံးပရိသတ် ထောင်ပေါင်းများစွာကြား တိုက်ခိုက်မှုတွေဖြစ်ပွားလို့ ဆယ်ကျော်သက် လူငယ်တစ်ဦး သေနတ်မှန်ပြီး သေဆုံးသွားသလို တခြားလူ ၁၈ ဦးလည်း ဒဏ်ရာတွေ ရသွားကြပါတယ်။ အရင်လက လူတွေ သေဆုံးခဲ့ရတဲ့ အထိ ဖြစ်ပွားခဲ့တဲ့ ဘောလုံးပွဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာကြောင့် Al-Masry ဘောလုံးအသင်းကိုလည်း ကစားခွင့် ၂ နှစ် ပိတ်မယ်၊ Port Said ဘောလုံးကွင်းကိုလည်း ၃ နှစ် ပိတ်ထားမယ်လို့ အီဂျစ်ဘောလုံး အဖွဲ့ချုပ်က သောကြာနေ့ ညပိုင်းမှာ ကြေညာလိုက်ပြီးတဲ့နောက် လူတွေ အကြီးအကျယ် ဆန္ဒပြကြတာပါ။

နှစ်ဘက်တိုက်ခိုက်မှုတွေက ဒီနေ့အထိ ကူးလာပြီး လုံခြုံရေးအရာရှိတွေက လေထဲကို သေနတ်ပစ်ဖောက်ပြီး လမ်းတွေပေါ်မှာ ပိတ်ဆို့ထားတဲ့သူတွေ၊ Suez တူးမြောင်း အာဏာပိုင်တွေရဲ့ အဆောက်အဦးအပြင်ဘက်မှာ ဆန္ဒပြနေသူတွေကို လူစုခွဲခဲ့ပါတယ်။

အခု သေနတ်ထိပြီး သေဆုံးသွားတဲ့လူငယ်ကတော့ နောက်ကျောကနေ ပစ်ခံရတာလို့ သတင်းတွေ ထွက်နေပေမဲ့ အသေးစိတ်တော့ ထပ်ပြီး မသိရသေးပါဘူး။ သူတို့ဘောလုံးအဖွဲ့ကို မီဒီယာကနေ သိက္ခာချတယ်လို့လည်း ဆန္ဒပြသူတွေက ပြောကြပြီး ရှုတ်ချပါတယ်။

ဖေဖော်ဝါရီလမှာဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ် ဖြစ်မှုထဲမှာ လူ ၇၄ ဦး သေဆုံးခဲ့ရတာပါ။ အီဂျစ်မှာ နံမည်အကြီးဆုံး ကိုင်ရိုက Al-Ahly အသင်းနဲ့ Al Masry အသင်းတို့ ကစားခဲ့ကြတာဖြစ်ပါတယ်။ နောက်ဆုံး ခရာသံ ဆုံးပြီးပြီးချင်းမှာပဲ အနိုင်ရ Al-Masry အသင်းက ပရိသတ်က တဘက်ပရိသတ်ကို ဓားတွေနဲ့ထိုး၊ ပွဲကြည့်စင်ပေါ်ကနေ တွန်းချတာတွေ လုပ်ခဲ့ကြပါတယ်။

XS
SM
MD
LG