အီဂျစ်အစိုးရက ဂါဇာဒေသမှာ ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးလိုက်တာကို အခွင့်ကောင်းယူပြီး ပါလက်စတိုင်း ရာပေါင်းများစွာဟာ စနေနေ့မှာ ဂါဇာကမ်းမြောင်ကို ဖြတ်ကျော်ပြီး အီဂျစ်နိုင်ငံထဲ ၀င်လာကြပါတယ်။
အစ္စရေးနိုင်ငံ ပြင်ပကနေ ဂါဇာဒေသကို ၀င်ရောက်နိုင်တဲ့ တရားဝင် လမ်းကြောင်းဖြစ်တဲ့ ရာဖာ (Rafah) နယ်စပ်ဖြတ်ခွင့်ကို စနေနေ့ကစပြီး အီဂျစ် ယာယီအစိုးရက ပုံမှန်အချိန် သတ်မှတ်ပေးလိုက်တာပါ။ ၂၀၀၇ ခုနှစ်တုန်းက တားဆီးပိတ်ဆို့မှုတွေ မတိုင်မီ ဥပဒေတွေအတိုင်း ကျင့်သုံးနေကြောင်းလည်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
သောကြာနေ့တွေနဲ့ တရားဝင် ရုံးပိတ်ရက်တွေကလွဲလို့ နိုင်ငံကူးလက်မှတ်ရှိသူ ပါလက်စတိုင်းသားတွေ နေ့စဉ် ဖြတ်ကျော်ခွင့် ရကြမှာလည်း ဖြစ်ပါတယ်။ ဂါဇာဒေသ ဖြတ်ကျော်ခွင့်ကို အမျိုးသမီးတွေအတွက် ကန့်သတ်မထားပေမဲ့ အသက် ၁၈ နှစ်နဲ့ ၄၀ အကြား အမျိုးသားတွေကတော့ အီဂျစ်နိုင်ငံအတွက် ပြည်ဝင်ခွင့်ဗီဇာ ယူကြရမှာပါ။
ပါလက်စတိုင်းတွေကြား ခွဲခြားထားတာတွေကို အဆုံးသတ်စေဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး နောက်ဆုံးအဆင့် အကောင်အထည် ဖော်နိုင်ဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအဖြစ် အခုလို နယ်စပ်ဂိတ် ပြန်ဖွင့်ပေးခဲ့တာလို့လည်း အီဂျစ်နိုင်ငံပိုင် MENA သတင်းဌာနက ကြေညာပါတယ်။
ပြီးခဲ့တဲ့ ဧပြီလထဲမှာတုန်းကတော့ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘာ့စ် (Mahmoud Abbas) ရဲ့ ဖာတာ (Fatah) လှုပ်ရှားမှုနဲ့ ပြိုင်ဘက် ဟားမာ့စ် (Hamas) အုပ်စုတို့ကြား ၄ နှစ်ကြာ မသင့်မတင့် ဖြစ်နေတာတွေကို အီဂျစ်နိုင်ငံက ကြားဝင် စေ့စပ်ပေးခဲ့တာ ဖြစ်ပါတယ်။