သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်နိုင်ငံသား လေယာဉ်ပြန်ပေးသမား အဖမ်းခံ


ခရီးသည်တင် လေယာဉ်တစင်းကို ပြန်ပေးဆွဲပြီး ဆိုက်ပရပ်စ်နိုင်ငံမှာ အတင်းအကျပ် ဆင်းသက်ခိုင်းခဲ့တဲ့ အီဂျစ်နိုင်ငံသား တဦးကို ၆ နာရီကြာ ထိပ်တိုက်ရင်ဆိုင်ခဲ့အပြီး ဖမ်းဆီးလိုက်ပါတယ်။
ဆိုက်ပရပ်စ်တောင်ပိုင်း လာနာကာ လေဆိပ်မှာ အာဏာပိုင်တွေလက်ထဲ အဖမ်းမခံခင်မှာပဲ EgyptAir လေကြောင်းပိုင် လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၅၅ ယောက်စလုံးကတော့ ဘေးမသီရန်မခ လွတ်မြောက်ခဲ့တာပါ။
လေယာဉ်ပြန်ပေးဆွဲသူကို ဖမ်းဆီးလိုက်ပြီး ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေအားလုံးဟာလည်း အန္တရာယ် မရှိတဲ့အကြောင်း ဆိုက်ပရပ်စ် အစိုးရ ပြောခွင့်ရသူ Nikos Christodoulides က Twitter လူမှုကွန်ယက်မှာ ပြောဆိုခဲ့ပါတယ်။
အီဂျစ်နဲ့ ဆိုက်ပရပ်စ် အစိုးရတာဝန်ရှိသူတွေကတော့ လေယာဉ်ပြန်ပေးဆွဲမှုဟာ အကြမ်းဖက်ဝါဒီတွေနဲ့ ဆက်နွယ်မှု မရှိဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။ ဖမ်းဆီးခံရသူဟာ Seif el-Din Mustafa ဆိုသူဖြစ်ပြီး၊ စိတ်မမှန်သူ တဦးဖြစ်တယ်လို့လည်း ပြောပါတယ်။ လေယာဉ်ကို ပြန်ပေးဆွဲတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
လေယာဉ်ပြန်ပေးသမားဟာ ဆိုက်ပရပ်စ်နိုင်ငံမှာ နေထိုင်နေတဲ့ ဇနီးဟောင်းနဲ့တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့တယ်လို့လည်း သတင်းတချို့က ဖော်ပြပါ တယ်။ တချို့ကတော့ ဥရောပသမဂ္ဂ (EU) အရာရှိတွေနဲ့ တွေ့ခွင့်ရဖို့တောင်းဆိုခဲ့တယ်လို့လည်း ပြောဆိုသူတွေ ရှိသလို၊ အီဂျစ်နိုင်ငံက အမျိုးသမီး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ မကျေမနပ် ပြောဆိုတာ ရှိတယ်လို့လည်း ပြောကြပါတယ်။
ဆိုက်ပရပ်စ် သမ္မတကလည်း လေယာဉ်ပြန်ပေးဆွဲမှုဟာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ဖြစ်တယ်လို့လည်း အစောပိုင်းမှာ ပြောဆိုထားပါတယ်။

XS
SM
MD
LG