အီဂျစ်နိုင်ငံမှာ ရဲတပ်ဖွဲ့က သတင်းထောက် ၂ ဦးကို ဝင်ရောက် ဖမ်းလိုက်ပြီးတဲ့အနောက် ပြည်ထဲရေးဝန်ကြီးကို ရာထူးကနေ ဖယ်ရှားပေးဖို့ သတင်းထောက်တွေက တောင်းဆိုနေပါတယ်။
အတိုက်အခံ Bawabet Yanayer – Website မှာ အလုပ်လုပ်နေကြတဲ့ Mahmoud El Sakka နဲ့ Amr Badr တို့ ၂ ဦးကို သတင်းထောက်များဌာနချုပ်ကို တနင်္ဂနွေနေ့က ဝင်စီးတဲ့အချိန်မှာ ပြည်ထဲရေးဝန်ကြီးဌာနက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
ပင်လယ်နီအတွင်းမှာရှိတဲ့ လူမနေတဲ့ ကျွန်း ၂ ခုကို အီဂျစ်အစိုးရက ဆော်ဒီအာရေးဘီးယားနိုင်ငံလက်ထဲ လွှဲပြောင်းပေးလိုက်တဲ့ ကိစ္စကို ကန့်ကွက်တဲ့အနေနဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ သူတို့ ၂ ဦးက တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ရာနဲ့ချီတဲ့ အီဂျစ်သတင်းထောက်တွေဟာ မြို့တော် ကိုင်ရိုမှာရှိတဲ့ သူတို့ဌာနချုပ်အနီး စုဝေးခဲ့ပြီး - ပြည်ထဲရေးဝန်ကြီးဌာနဟာ လူရမ်းကားတွေဖြစ်တယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။
သတင်းထောက်များသမဂ္ဂက ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေအားလုံးကို လွှတ်ပေးဖို့နဲ့ သမ္မတက တောင်းပန်ပေးဖို့အတွက် တောင်းဆိုနေကြပြီး တကယ်လို့ သူတို့ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောခြင်းမရှိရင် သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒါ့အပြင် ပြည်ထဲရေးဝန်ကြီး Magdy Abdel Ghaffar ကိုလည်း ရာထူးကနေ ဖယ်ရှားပေးဖို့အတွက် တောာင်းဆိုနေကြပါတယ်။
ဒီဆန္ဒြုပပွဲတွေဟာ ဆန္ဒပြပွဲတွေကို ပိတ်ပင်ထားပြီး ဖမ်းဆီးအရေးယူလေ့ရှိတဲ့ သမ္မတ Abdel Fattah al-Sisi အစိုးရလက်ထက်အတွင်း နောက်ဆုံး ပြုလုပ်တဲ့ ဆန္ဒပြပွဲ ဖြစ်ပါတယ်။