သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတဟောင်းကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်


ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရပြီး ရာထူးက ဖယ်ရှားခံခဲ့ရသူ သမ္မတဟောင်း မိုဟာက်မက်မော်စီ (ဧပြီ ၂၁၊ ၂၀၁၅)
ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရပြီး ရာထူးက ဖယ်ရှားခံခဲ့ရသူ သမ္မတဟောင်း မိုဟာက်မက်မော်စီ (ဧပြီ ၂၁၊ ၂၀၁၅)

အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီကို ၂ဝ၁၂ ခုနှစ်က ဆန္ဒပြသူတွေကို သတ်ဖြတ်မှုနဲ့ ဆက်နွှယ်ပြီး ထောင်ဒဏ် နှစ် ၂ဝ ကျခံဖို့ ဒီကနေ့ အင်္ဂါနေ့မှာ အီဂျစ်တရားရုံးတခုက အမိန့်ချမှတ်လိုက်ပါတယ်။

သမ္မတဟောင်း မိုဟာမက် မော်စီ၊ မွတ်ဆလင် ညီအကိုတော်များအဖွဲ့ထဲက ၁၂ ဦးတို့နဲ့ သူတို့ကို ထောက်ခံသူတွေဟာ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုတို့ အတွက် အပြစ်ရှိပေမယ့် လူသတ်မှုမမြောက်ဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့်လည်း မစ္စတာမော်စီဟာ သေဒဏ်ချမှတ်ခံရနိုင်တဲ့ အရေးကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ တရားရုံးတွေကနေ ဟန့်တားနိုင်ခြင်းမရှိတဲ့ လုပ်ပိုင်ခွင့်အာဏာကို သမ္မတဟောင်း မစ္စတာမော်စီက ရယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ခဲ့ကြတဲ့ ဆန္ဒပြသူတွေကို မော်စီထောက်ခံသူတွေက တိုက်ခိုက်ခဲ့ကြတဲ့ အီဂျစ် သမ္မတနန်းတော်အပြင်ဘက်က အဓိကရုဏ်းတွေနဲ့ ဆက်နွှယ်ပြီး စွဲချက် တင်ခံခဲ့ရတာ ဖြစ်ပါတယ်။

မစ္စတာမော်ဆီဟာ အီဂျစ်နိုင်ငံရဲ့ပထမဆုံး ဒီမိုကရေစီနည်းကျ တင်မြှောက်ခံခဲ့ရတဲ့ သမ္မတလည်း ဖြစ်ပါတယ်။ နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ သမ္မတဟောင်း Hosni Mubarak ကို ဖြုတ်ချနိုင်ခဲ့တဲ့ ထင်ရှားတဲ့ လူထုလှုပ်ရှားမှုနောက်ပိုင်း လွန်ခဲ့တဲ့ ၄ နှစ်ကျော် ကာလက အီဂျစ်နိုင်ငံရဲ့အနာဂတ် ပိုပြီး ကောင်းမွန်လာရမယ်ဆိုတဲ့ ကတိကဝတ်နဲ့ မစ္စတာမော်စီ သမ္မတရာထူးကို လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သမ္မတဟောင်း မော်စီရဲ့ မူဝါဒတွေကို လူထုရဲ့ တခဲနက် ကန့်ကွက်ဆန့်ကျင်မှုတွေ ပေါ်ထွက်လာပြီးနောက်မှာတော့ စစ်တပ်အကြီးအကဲ Abdel Fattah El-Sissi က သူ့ကို ရာထူးကနေ ဖြုတ်ချလိုက်တာ ဖြစ်ပါတယ်။ စစ်တပ်က ခေါင်းဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး အဆုံးသတ်ကတော့ မစ္စတာ El-Sissi သမ္မတဖြစ်လာခဲ့တာပါ။ ဒါ့အပြင် သမ္မတဟောင်း မိုဟာမက် မော်စီရဲ့ မွတ်ဆလင် ညီအကိုတော်များအဖွဲ့ကို ဖြိုခွဲခဲ့ပါတယ်။

XS
SM
MD
LG