သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် သမ္မတဟောင်းမော်စီ သေဒဏ်ကျ


ရာထူးကဖြုတ်ချခံရသူ သမ္မတဟောင်းမော်စီကို ရဲသင်တန်းကျောင်းကနေ တရားရုံးအဖြစ်ပြောင်းထားတဲ့ တရားခွင်အတွင်း ဖန်သားပြင်ကာရံထားတဲ့အခန်းတွင်းမှာ မြင်ရပုံ။ (မေ ၁၆၊ ၂၀၁၅)
ရာထူးကဖြုတ်ချခံရသူ သမ္မတဟောင်းမော်စီကို ရဲသင်တန်းကျောင်းကနေ တရားရုံးအဖြစ်ပြောင်းထားတဲ့ တရားခွင်အတွင်း ဖန်သားပြင်ကာရံထားတဲ့အခန်းတွင်းမှာ မြင်ရပုံ။ (မေ ၁၆၊ ၂၀၁၅)

အီဂျစ်နိုင်ငံမှာ ၂၀၁၁ ခုနှစ်တုန်းက ထောင်တွေဖောက်မှုနဲ့ အီဂျစ်သမ္မတဟောင်း Mohamed Morsi ကို အီဂျစ်တရားရုံးတခုက သေဒဏ်ချလိုက်ပါတယ်။ သမ္မတဟောင်း မော်စီအပေါ် စွဲဆိုထားတဲ့အမှုတွေထဲမှာ လူထုအုံကြွမှုတွေအတွင်း ထောင်တွေထဲကနေ နိုင်ငံခြားသားစစ်သွေးကြွတွေ ဖောက်ပြေး နိုင်အောင် ပူးပေါင်းကြံစည်မှု ပါဝင်ပါတယ်။

အဲဒီအချိန်က သမ္မတ Hosni Mubarak အပေါ် လူထုဆန္ဒပြမှုအတွင်း ထောင်တွေကို ဖောက်မှုမှာ ပါဝင် ပတ်သက်နေသူ ၁၀၀ ကျော်ကိုလည်း ကိုင်ရိုမြို့တရားရုံးမှာ ဒီကနေ့ သေဒဏ်တွေချမှတ်ခဲ့ပါတယ်။ သမ္မတဟောင်း Morsi အာဏာရထားစဉ် ၂၀၁၂ ခုနှစ်တုန်းက သမ္မတအိမ်တော်အပြင်မှာ ဆန္ဒပြသူတွေကို ဖမ်းဆီးနှိပ်စက်ဖို့ အမိန့်ပေးမှုနဲ့ သူ့ကို အရင်ကတည်းက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ထားပြီး ဖြစ်ပါတယ်။

ဒီကနေ့ စနေနေ့မှာ တရားရုံးက ထပ်ပြီး အမိန့်ချလိုက်တဲ့ သေဒဏ်နဲ့ပတ်သက်လို့ အီဂျစ်နိုင်ငံရဲ့ Grand Mufti ဘာသာရေးအကြီးအကဲက ဂျွန်လ ၂ ရက်မှာ နောက်ဆုံး ဆုံးဖြတ်ချက်ပေးမှာ ဖြစ်ပါတယ်။ သမ္မတဟောင်း Morsi ဟာ သူလျှိုလုပ်မှုတွေနဲ့လည်း တရားစွဲခံထားရပါတယ်။

Muslim Brotherhood အဖွဲ့ ခေါင်းဆောင်နဲ့ ထောက်ခံသူ ၁၂ ယောက်ကိုလည်း ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုတို့နဲ့ အပြစ်ရှိကြောင်း တရားရုံးက အပြစ် ရှိတယ်လို့ ဆုံးဖြတ်ပါတယ်။ အီဂျစ်နိုင်ငံရဲ့ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်အနိုင်ရခဲ့တဲ့ သမ္မတ Mohamed Morsi ဟာ အာဏာ အလွဲသုံးစား လုပ်တယ်လို့ စွပ်စွဲပြီး ပြည်သူသန်းနဲ့ချီ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီးနောက် အီဂျစ်စစ်တပ်က ၂၀၁၃ ခုနှစ်မှာ သူ့ကို ဖြုတ်ချ အာဏာသိမ်းခဲ့ပါတယ်။ အဲဒီအချိန်ထဲက လက်ရှိသမ္မတဖြစ်နေတဲ့ စစ်တပ်အကြီးအကဲဟောင်း Abdel-Fattah el-Sissi အစိုးရက Muslim Brotherhood အဖွဲ့ဝင်တွေနဲ့ ထောက်ခံသူ ထောင်ပေါင်းများစွားကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။

XS
SM
MD
LG