သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတဟောင်း မူဘာရက်အမှု ပြန်စစ်ဆေးမည်


ကိုင်ရိုမြို့ တရားရုံးရှေ့မှာ ဆန္ဒပြနေတဲ့ အီဂျစ် သမ္မတဟောင်း မူဘာရက်ကို ထောက်သူတဦး။ (ဒီဇင်ဘာလ ၂၃ ရက်၊ ၂၀၁၂)။
ကိုင်ရိုမြို့ တရားရုံးရှေ့မှာ ဆန္ဒပြနေတဲ့ အီဂျစ် သမ္မတဟောင်း မူဘာရက်ကို ထောက်သူတဦး။ (ဒီဇင်ဘာလ ၂၃ ရက်၊ ၂၀၁၂)။
ထောင်ဒဏ်တသက်တကျွန်း ကျခံနေရတဲ့ အီဂျစ်သမ္မတဟောင်း ဟော်စနီ မူဘာရက်ရဲ့ အမှုကို ပြန်ပြီးစစ်ဆေးဖို့ အီဂျစ်တရားရုံး တခုက အမိန့်ထုတ်လိုက်ပါတယ်။ အသက် ၈၄ နှစ်အရွယ် အီဂျစ်ခေါင်းဆောင်ဟောင်း မူဘာရက်က တရားစစ်ဆေးမှုအသစ် ပြန်လုပ်ပေးဖို့ အယူခံဝင်ထားတာကို တရားရုံးက တနင်္ဂနွေနေ့မှာ ခွင့်ပြုခဲ့တာပါ။ ဆယ်စုနှစ်သုံးခုကြာ သူ့ရဲ့အုပ်စိုးမှု အဆုံးသတ်သွားစေခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဆန္ဒပြ ကန့်ကွက်မှုတွေအတွင်း ရာပေါင်းများစွာသော ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့မှုကို တားဆီးဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး သူ့ကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီးတဲ့နောက် လပေါင်းများစွာအကြာမှာ အခုလို ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

သူနဲ့အတူ ထောက်ဒဏ်တသက်တကျွန်း ချမှတ်ခံထားရတဲ့ သူ့ရဲ့ပြည်ထဲရေးဝန်ကြီးဖြစ်သူ Habib el-Adly ရဲ့အမှု၊ သားနှစ်ဦးဖြစ်ကြတဲ့ Gamal နဲ့ All တို့ရဲ့ အမှုတွေကိုလည်း ပြန်စစ်ဆေးမှာ ဖြစ်ပါတယ်။ သူတို့တတွေဟာ တခြားစွဲချက်တွေနဲ့ လည်း ရင်ဆိုင်နေကြရတာမို့ အကျဉ်းထောင်ထဲမှာပဲ ဆက်ပြီး နေသွားကြရမှာဖြစ်ပါတယ်။

တရားစစ်ဆေးမှုအသစ် လုပ်မယ့်ရက်ကိုတော့ မသတ်မှတ်ရသေးပါဘူး။ မစ္စတာမူဘာရက်အပေါ် စွဲတင်ထားတာတွေဟာ ပြီးခဲ့တဲ့ ဇွန်လက သူ့ကို ထောင်ဒဏ်တသက်ချမှတ်ခဲ့တဲ့ စွဲချက်တွေနဲ့ အတူတူပဲလို့ ဆိုပါတယ်။ ကိုင်ရိုမြို့တော်တရားရုံးက အဲဒီလိုဆုံးဖြတ်လိုက်တဲ့အခါ မူဘာရက် ကို ထောက်ခံသူတွေက တရားမျှတမှု အဓွန့်ရှည်ပါစေဆိုပြီး အော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။
XS
SM
MD
LG