သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဘာရက် နောက်သမ္မတသက်တမ်း ရွေးချယ်ခံမည်မဟုတ်


မူဘာရက် နောက်သမ္မတသက်တမ်း ရွေးချယ်ခံမည်မဟုတ်
မူဘာရက် နောက်သမ္မတသက်တမ်း ရွေးချယ်ခံမည်မဟုတ်

အနှစ် ၃၀ နီးပါး အီဂျစ်နိုင်ငံကို အုပ်ချုပ်နေတဲ့ သမ္မတ ဟို့စ်နီ မူဘာရက် (Hosni Mubarak) က စက်တင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ သူ အရွေးခံမှာ မဟုတ်ဘူးလို့ အင်္ဂါနေ့ညက လူထုကို မိန့်ခွန်း ပြောဆိုပါတယ်။ သူဟာ ဘဝတလျှောက်လုံး နိုင်ငံနဲ့ လူမျိုးအတွက် အစွမ်းကုန် အလုပ်အကျွေး ပြုခဲ့ပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။

အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးနိုင်ရေး လိုအပ်တဲ့ ခြေလှမ်းတွေ ပြင်ဆင်နိုင်ဖို့အတွက် ကျန်ရှိနေသေးတဲ့ သမ္မတ သက်တမ်းကို ဆက်လက် တာဝန်ကျေအောင် ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

သူဟာ အမိမြေ အီဂျစ်နိုင်ငံမှာပဲ ခေါင်းချမှာ ဖြစ်တယ်လို့ ကတိပြု ပြောကြားပေမဲ့ နိုင်ငံက ထွက်ခွာမယ် ဆိုတာကိုတော့ အရိပ်အမြွက်တောင် ပြောဆိုခြင်း မရှိပါဘူး။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က သမ္မတ မူဘာရက် အနေနဲ့ နောက်ထပ် သမ္မတ သက်တမ်းအတွက် အရွေးမခံသင့်ကြောင်း အီဂျစ်ကို စေလွှတ်လိုက်တဲ့ အမေရိကန် အထူးကိုယ်စားလှယ် ဖရန့် ဝစ်ဇ်နာ (Frank Wisner) ကတဆင့် အမှာစကား ပါးလိုက်တယ်လို့ နယူးယောက်တိုင်းမ်စ် သတင်းစာက ဖော်ပြပါတယ်။

ထောင်သောင်းချီတဲ့ အီဂျစ်လူထု အင်တိုက်အားတိုက် မူဘာရက် နှုတ်ထွက်ပေးရေး တောင်းဆိုနေချိန်မှာ သမ္မတ မူဘာရက်က ရုပ်မြင်သံကြားကနေ မိန့်ခွန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သူ သမ္မတ အရွေးမခံတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဆန္ဒပြပွဲတွေ အရှိန်လျော့သွားမလား ဆိုတာကတော့ မသေချာသေးပါဘူး။ သူ့ရဲ့မိန့်ခွန်းအပြီး လူထုကတော့ မူဘာရက် ချက်ချင်း ထွက်ပေးလို့ ကြွေးကြော်နေကြဆဲ ဖြစ်ပါတယ်။

ဆူးအက်ဇ်၊ မန်ဇူရာနဲ့ မြောက်ပိုင်းက အလက်ဇန္ဒြီးယား မြို့တွေမှာလည်း ထောင်သောင်းချီတဲ့လူထု ဆန္ဒပြနေဆဲ ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံ တခေတ်ဆန်းသစ်နိုင်ဖို့ ရှေ့ရှုပြီး သမ္မတ မူဘာရက် အနေနဲ့ လာမယ့် သောကြာနေ့ နောက်ဆုံးထားပြီး နိုင်ငံက ထွက်ခွာသင့်တယ်လို့ ဘာသာရေး အစွန်းမရောက်တဲ့၊ သဘောထား ပျော့ပျောင်းတဲ့ အတိုက်အခံ ခေါင်းဆောင် မိုဟာမက် အယ်လ်ဘာရာဒေး (Mohamed ElBaradei) က မနေ့က ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG