သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်အခြေအနေ မူဘာရက်ခ် စိတ်ကုန်ပေမဲ့ နိုင်ငံက မထွက်ခွာနိုင်


အီဂျစ်အခြေအနေ မူဘာရက်ခ် စိတ်ကုန်ပေမဲ့ နိုင်ငံက မထွက်ခွာနိုင်
အီဂျစ်အခြေအနေ မူဘာရက်ခ် စိတ်ကုန်ပေမဲ့ နိုင်ငံက မထွက်ခွာနိုင်

အီဂျစ်နိုင်ငံမှာ ညမထွက်ရ အမိန့်ကို အာခံပြီး ဆန္ဒပြပွဲတွေ အကြီးအကျယ် ဆက်ဖြစ်နေချိန်မှာပဲ သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) က နိုင်ငံခေါင်းဆောင် လုပ်ရတာ စိတ်ကုန်လာပြီ၊ အခု သမ္မတ အဖြစ်က နှုတ်ထွက်ချင်ပြီ၊ ဒါပေမဲ့ သူ အခုလို ထွက်လိုက်ရင် အီဂျစ်နိုင်ငံဟာ ထိန်းမနိုင်၊ သိမ်းမရ ပိုဆိုးသွားမှာ စိုးရိမ်တယ်လို့ ပြောလိုက်ပါတယ်။

မနေ့က အမေရိကန် ရုပ်မြင်သံကြား ABC က သတင်းထောက် ခရစ်စ်တင်း အမန်ပူးဝါး (Christiane Amanpour) နဲ့ အင်တာဗျူး လုပ်ရာမှာ မစ္စတာ မူဘာရက်ခ်က မြို့တော်မှာ မကြာခင် ရက်ပိုင်းအတွင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ အတိုက်အခံ မွတ်ဆလင် ညီနောင်များ အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ အပြစ်ပုံချလိုက်ပါတယ်။

ကိုင်ရိုမြို့တော်မှာ ခဲတွေနဲ့ ပစ်ပေါက်ပြီး ဆန္ဒပြသူတွေဟာ ညမထွက်ရ အမိန့်ကို ဂရုမစိုက်ဘဲ ဆက်ဆန္ဒပြနေကြပြီး လမ်းမတွေပေါ်မှာ ပြတ်တောင်း ပြတ်တောင်း နေရာကွက်ကျား သေနတ်သံတွေ ကြားနေရချိန်မှာ သမ္မတက အခုလို အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဘက်ကတော့ ဒီနေ့ သောကြာနေ့ကို မူဘာရက်ခ် ထွက်ရမယ့်နေ့လို့ ကြေညာလိုက်ပြီး သူ အခုလို အမြန် ရာထူးက ဆင်းပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို နိုင်ငံအနှံ့ ကြီးကြီးမားမား လုပ်သွားဖို့ ပြင်ထားတယ်လို့ ဆိုပါတယ်။

ဒီအပတ် အစောပိုင်း နိုင်ငံကို မိန့်ခွန်းပြောရာမှာတော့ မစ္စတာ မူဘာရက်ခ်က သူ့ရဲ့ သက်တမ်းကုန်အောင် တာဝန် ဆက်ထမ်းဆောင်သွားမယ်၊ ဒါပေမဲ့ နောက်ထပ်တော့ အရွေးခံမှာ မဟုတ်ဘူးလို့ ကတိပြုခဲ့ပါတယ်။

ဒု-သမ္မတ အိုမာ အူလီမန် (Omar Suleiman) က သမ္မတ မူဘာရက်ခ်ကို အမြန် ရာထူးက ဆင်းပေးဖို့ တောင်းဆိုတာတွေကို ပယ်ချလိုက်ပါတယ်။ အခုလို ရာထူးက ဆင်းသွားရင် ထိန်းမနိုင် သိမ်းမရ အခြေအနေကို တွန်းပို့လိုက်သလို ဖြစ်သွားမယ်လို့ သူက ဆိုပါတယ်။

မစ္စတာ ဆူလီမန်ကပဲ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းပေးနိုင်ဖို့ သမ္မတက လမ်းပြမြေပုံ တခုကို ပြင်ဆင်နေတယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ပြောခဲ့ပါတယ်။ ဒု-သမ္မတကပဲ သူဟာ လူငယ် ကိုယ်စားလှယ်တွေ၊ အတိုက်အခံ အုပ်စုတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ စလုပ်နေပြီလို့ ဆိုခဲ့ပါတယ်။

XS
SM
MD
LG