ထောင်သောင်းချီတဲ့ အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေက ၁၇ ရက်နေ့ဆက်တိုက် မူဘာရက်ခ် ချက်ချင်း နှုတ်ထွက်ပေးရေး တောင်းဆိုနေကြတာကို သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) က လက်မခံဘဲ စက်တင်ဘာလ ရွေးကောက်ပွဲကနေ သမ္မတသစ်တဦး ရွေးချယ်ပြီးတဲ့ အချိန်ကျမှ သူ ရာထူးက နှုတ်ထွက်ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။
သူ့ရဲ့ သမ္မတ လုပ်ပိုင်ခွင့် အာဏာတချို့ကို ဒု-သမ္မတကို လွှဲပြောင်းပေးလိုက်ပြီလို့တော့ ပြောပါတယ်။ သမ္မတ မူဘာရက်ခ်က ချက်ချင်း ရာထူးက နှုတ်ထွက်မပေးသေးပေမဲ့ အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးနိုင်ဖို့ စီစဉ်နေပြီလို့တော့ ပြောပါတယ်။
သူဟာ ဖခင်တဦး အနေနဲ့ သားသမီးတွေကို ဆုံးမစကား ပြောသလို ပြောဆိုနေရတာ ဖြစ်ကြောင်း၊ လူထုမနှစ်သက်တဲ့ အရေးပေါ် လုံခြုံရေး အက်ဥပဒေကို အခြေအနေ ပေးတဲ့အခါ ရုပ်သိမ်းပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။
သူ မိန့်ခွန်းပြောနေတဲ့ အချိန်မှာပဲ ကိုင်ရိုမြို့ တဟီရာ ရင်ပြင်က ဆန္ဒပြသူ လူထုက မူဘာရက်ခ် ချက်ချင်း နှုတ်ထွက်ပေးရေး ကြွေးကြော်သံတွေနဲ့အတူ ဖိနပ်တွေကို လေထဲကို ပစ်ပေါက်ပြီး တောင်းဆိုနေကြပါတယ်။
ဆန္ဒပြသူ လူထုက မူဘာရက်ခ် နှုတ်ထွက်ပေးဖို့ ကြေညာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အရင်က ကခုန်နေခဲ့ကြတာ ဖြစ်ပါတယ်။
ဒါဟာ သီတင်း ၂ ပတ်အတွင်း သမ္မတ မူဘာရက်ခ်က နိုင်ငံကို ၂ ကြိမ် မိန့်ခွန်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဒု-သမ္မတ အိုမာ ဆူလေမန် (Omar Suleiman) ကလည်း အီဂျစ်လူငယ်တွေ အိမ်ပြန်ကြဖို့၊ လုပ်ငန်းခွင် ပြန်ဝင်ကြဖို့ တိုက်တွန်းနေပါတယ်။
မူဘာရက်ခ်က သူ့ကို သမ္မတ အာဏာတွေ လွှဲပြောင်းပေးထားပြီး ဖြစ်လို့ နိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ အီဂျစ်လူထု ပုံမှန်ဘ၀ ပြန်ရောက်ရေးကို သူ ထိန်းသိမ်းသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုဆိုင်ရာ အီဂျစ်သံအမတ်ကြီး ဆာမေး ရှူရကီ (Sameh Shoukry) က ဒု-သမ္မတ အိုမာ ဆူလေမန်ဟာ အီဂျစ်ရဲ့ ယာယီသမ္မတတာဝန် ယူထားပြီး ဖြစ်ကြောင်း၊ မူဘာရက်ခ်က သူ့ရဲ့ သမ္မတ တာဝန်တွေ အားလုံးကို ဆူလေမန်ကို လွှဲပြောင်းထားပြီး ဖြစ်တယ်လို့ CNN ရုပ်သံနဲ့ တွေ့ဆုံခန်းမှာ ပြောဆိုလိုက်ပါတယ်။