သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတဟောင်း မူဘာရက်ခ် အပြစ်မရှိကြောင်း လျှောက်လဲ


VOA's Albanian Service
VOA's Albanian Service

လူထုလှုပ်ရှားမှုတွေကြောင့် ရာထူးကနေ ဆင်းပေးခဲ့ရတဲ့ အီဂျစ်သမ္မတဟောင်း ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) ကို တရားရုံးတင် စစ်ဆေးမှု ဒီကနေ့ စတင်ပါတယ်။

ဆေးရုံကုတင်တလုံးပေါ်မှာ လဲှလျောင်းနေတဲ့ မစ္စတာ မူဘာရက်ခ်ကို တရားခွင်ထဲ တွန်းရွှေ့ သယ်ဆောင်လာခဲ့ပြီး သူ့ကို ကြီးမားတဲ့ သံဆန်ခါနဲ့ ကာရံထားပါတယ်။

ရာနဲ့ချီတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ သူ့ကို စွပ်စွဲထားတာ သူ့မှာ အပြစ်မရှိပါဘူးလို့ မစ္စတာ မူဘာရက်ခ်က တရားခွင်မှာ လျှောက်လဲချက် ပေးပါတယ်။

တရားစစ်ဆေးမှုကို သြဂုတ်လ ၁၅ ရက်နေ့မှာ နောက်တကြိမ် ထပ်ချိန်းထားပါတယ်။ ဒီကနေ့ တရားခွင်ကတော့ တော်တော် စိတ်လှုပ်ရှားဖို့ ကောင်းတာပါ။ မစ္စတာ မူဘာရက်ခ်ရဲ့ အဖြစ်အပျက်တွေကို ကမ္ဘာတဝန်းမှာ နိုင်ငံတကာ သတင်းဌာနတွေကလည်း တောက်လျှောက် ဖော်ပြနေကြပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ၁၈ ရက်ကြာ တော်လှန်ရေး အီဂျစ်နိုင်ငံမှာ ပေါ်ပေါက်ခဲ့ပြီး ၆ လလောက် အကြာမှာ မစ္စတာ မူဘာရက်ခ် တရားခွင်ထဲကို အခုလို ရောက်လာခဲ့တာပါ။ ဒီမိုကရေစီ လှုပ်ရှားမှုအတွင်း အီဂျစ်နိုင်ငံမှာ လူ ၉၀၀ လောက် သေဆုံးခဲ့ပါတယ်။

တကယ်လို့ သူ့မှာ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့မယ် ဆိုရင်တော့ သူဟာ သေဒဏ် ကျခံရနိုင်ပါတယ်။ သူ့ကို အကျင့်ပျက် လာဘ်စားမှု၊ အာဏာအလွဲသုံးစား လုပ်မှုနဲ့ ပြည်သူ့ဘဏ္ဍာ သုံးစွဲမှုတွေနဲ့ပါ တရားစွဲဆိုထားတာပါ။

သူ့ရဲ့ သား ၂ ဦးလည်း တရားခွင်ကို ဒီကနေ့ တက်ပါတယ်။ သူတို့ကလည်း သူတို့ကို စွဲဆိုထားတာတွေကို ငြင်းဆိုနေပါတယ်။

အီဂျစ် တရားသူကြီးတွေက မစ္စတာ မူဘာရက်ခ်ရဲ့ ဒီကနေ့ တရားခွင်ကို လုံခြုံရေး အခြေအနေအရ ရဲသင်တန်းကျောင်း တခုထဲမှာ ပြောင်းရွှေ့ စီစဉ်ခဲ့တာပါ။ ဒီကနေ့ တရားခွင်မှာ ပြည်ထဲရေး ဝန်ကြီးဟောင်းနဲ့ ရဲမှူး ၆ ဦး၊ နာမည်ကြီး စီးပွားရေးသမား တဦးလည်း တက်ရောက်ပါတယ်။ သူတို့ကို မနက်ဖြန်တကြိမ် တရားခွင်မှာ စစ်ဆေးပါလိမ့်ဦးမယ်။

ဒီကနေ့ တရားခွင်ရဲ့ အပြင်မှာတော့ လုံခြုံရေးရဲတွေ အများအပြား ချထားခဲ့ပါတယ်။ အီဂျစ်နိုင်ငံ တဝန်းမှာတော့ ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသတဲ့ မစ္စတာ မူဘာရက်ခ်ရဲ့ တရားခွင်ကို လူတွေ အမြောက်အမြားက စုရုံး ကြည့်ရှုခဲ့ကြပါတယ်။

XS
SM
MD
LG