သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတအဖြစ် မူစလင်ညီအစ်ကိုအဖွဲ့ ခေါင်းဆောင် အနိုင်ရ

အီဂျစ်နိုင်ငံမှာ အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ သမ္မတရွေးကောက်ပွဲ ရလဒ်တွေကို ဒီကနေ့ ကြေညာသွားတာမှာ မူစလင် ညီအစ်ကိုတော်များအဖွဲ့က သမ္မတလောင်း မိုဟာမက် မော်စီ (Mohammed Morsi) အနိုင်ရကြောင်း ရုပ်မြင်သံကြားကနေ တိုက်ရိုက် ကြေညာသွားပါတယ်။

အီဂျစ်ရွေးကောက်ပွဲ ကော်မရှင်က မိုဟာမက် မော်စီ အနိုင်ရကြောင်း ကြေညာလိုက်တယ်ဆိုရင်ပဲ ကိုင်ရိုမြို့လယ်က တဟီရာ (Tahrir) ရင်ပြင်မှာ စုဝေး ဆန္ဒပြနေကြတဲ့ ထောင်ပေါင်းများစွာသော အီဂျစ်ပြည်သူတွေက လက်ခုပ် သြဘာတွေပေး၊ အလံတွေ ဝှေ့ယမ်းပြီး ကြိုဆိုလိုက်ကြပါတယ်။ Tahrir ရင်ပြင်ဟာ သမ္မတဟောင်း ဟိုစနီမူဘာရက် (Hosni Mubarak) ပြုတ်ကျရေးအတွက် ထောင်ပေါင်းများစွာသော အီဂျစ်ပြည်သူတွေ လနဲ့ချီ စုဝေးဆန္ဒပြခဲ့တဲ့ သမိုင်းဝင် ရင်ပြင် ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲ ရလဒ်တွေကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက ကြေညာရမှာ ဖြစ်ပေမဲ့လည်း မဲမသမာမှုတွေနဲ့ ပတ်သက်ပြီး နှစ်ဘက် ကိုယ်စားလှယ်လောင်းတွေက တိုင်ကြားလာတာတွေကို စုံစမ်း စစ်ဆေးဖို့ အချိန်လိုတယ်ဆိုပြီး ဒီကနေ့မှ ကြေညာဖို့ ရွေးကောက်ပွဲ ကော်မရှင်က ရက်ရွေ့ဆိုင်းလိုက်တာပါ။ အီဂျစ်သမ္မတ ရွေးကောက်ပွဲကို မူစလင် ညီအစ်ကိုတော်များအဖွဲ့က သမ္မတလောင်း မိုဟာမက် မော်စီ နဲ့ ဝန်ကြီးချုပ်ဟောင်း အာမစ်ရှာဖစ် (Ahmed Shafiq) တို့ ယှဉ်ပြိုင်နေကြတာပါ။

ရွေးကောက်ပွဲရလဒ်တွေ မကြေညာခင် ကိုင်ရိုမြို့တော်က လမ်းတွေ၊ အထင်ကရ အစိုးရအဆောက်အဦးတွေမှာ အီဂျစ်အာဏာပိုင်တွေက လုံခြုံရေးတွေ တိုးမြင့် ချထားပါတယ်။သူတို့ ကိုယ်စားလှယ်လောင်း ရှုံးနိမ့်ရင် တန်ပြန် လက်စားချေမှုတွေ ပြုလုပ်မယ်လို့ ကိုယ်စားလှယ်လောင်း ၂ ယောက်စလုံးကို ထောက်ခံသူတွေက အသီသီး ခြိမ်းခြောက်ထားကြတာပါ။

This item is part of
XS
SM
MD
LG