သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြပွဲတွေ ကြုံနေရတဲ့ အီဂျစ်သမ္မတ ၀န်ကြီးအသစ်တွေ ခန့်အပ်


ဆန္ဒပြပွဲတွေ ကြုံနေရတဲ့ အီဂျစ်သမ္မတ ၀န်ကြီးအသစ်တွေ ခန့်အပ်

အီဂျစ်နိုင်ငံမှာ နှစ် ၃၀ နီးပါး အုပ်ချုပ်လာတဲ့ သမ္မတ ဟို့စ်နီ မူဘာရက် (Hosni Mubarak) ကို ရာထူးက ဆင်းပေးဖို့ အီဂျစ်ပြည်သူတွေ အင်တိုက်အားတိုက် ဆန္ဒပြ ဖိအားပေးနေတဲ့ အချိန်မှာပဲ သမ္မတက ပြည်ထဲရေး ၀န်ကြီးသစ်နဲ့ ဘဏ္ဍာရေး ၀န်ကြီးသစ်ကို ခန့်အပ်လိုက်တယ်လို့ အီဂျစ် သတင်းမီဒီယာတွေက ပြောပါတယ်။

ကိုင်ရိုမြို့တော်ကလာတဲ့ သတင်းတွေအရ အကျဉ်းထောင်တွေရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဗိုလ်ချုပ်ကြီး မာမွတ် ၀က်ဂ်ဒီ (Mahmoud Wagdy) ကို လက်ရှိ ပြည်ထဲရေးဝန်ကြီး ဟာဘစ်ဘ် အဒ်လီ (Habib Adly) နေရာမှာ အစားထိုး ခန့်လိုက်တာပါ။ ပြည်ထဲရေးဝန်ကြီးဟာ ရဲတပ်ဖွဲ့နဲ့ အရပ်ဝတ် ပြည်တွင်းလုံခြုံရေး တပ်ဖွဲ့ကို ကြီးကြပ် ကွပ်ကဲရသူ ဖြစ်ပါတယ်။

သမ္မတ မူဘာရက် ပြုတ်ကျရေးအတွက် မနက်ဖြန် အင်္ဂါနေ့မှာ a million strong march ဆိုတဲ့ ကြွေးကြော်သံနဲ့ လူတွေ သန်းနဲ့ချီ လာရောက်ချီတက် အင်အားပြကြဖို့ ဆန္ဒပြသူတွေက လိုက်လံ ဆော်ဩနေတဲ့ အချိန်မှာပဲ သမ္မတက ၀န်ကြီးအပြောင်းအလဲ လုပ်ခဲ့တာပါ။

ကိုင်ရိုမြို့တော်တခွင် အားလုံးလိုလို ပိတ်နေကြပေမဲ့လည်း အထွေထွေ သပိတ်ကြီး ဆင်နွှဲဖို့ တိုက်တွန်းနေကြပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်က ဆန္ဒပြ ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့လို့ ပြန်လည်ဆုတ်ခွာခဲ့ရတဲ့ ရဲတပ်ဖွဲ့တွေဟာ ဒီနေ့မှာတော့ နိုင်ငံတ၀န်းမှာ ပြန်လည် နေရာယူထားကြပါတယ်။

အခုလို လုံခြုံရေးအတွက် ပုံမှန် နေရာပြန်ယူထားကြရတယ် ဆိုပေမဲ့ ရဲတပ်ဖွဲ့တွေ အနေနဲ့ ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်မရင်ဆိုင်ဖို့ အထက်က ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ကိုင်ရိုမြို့တော်မှာ လုယက်မှုတွေက ပြဿနာ ဖြစ်လာပါတယ်။ အီဂျစ်စစ်တပ်ကလည်း ကိုင်ရိုမြို့တော်တခွင် တိုးချဲ့ နေရာယူထားကြပြီး တင့်ကားတွေက ဘဏ်တွေ၊ အစိုးရ အဆောက်အဦးတွေနဲ့ ပြည်ထဲရေး ၀န်ကြီးဌာန ရုံးချုပ်တွေမှာ ၀ိုင်းရံထားကြပါတယ်။

မနေ့ညနေပိုင်းမှာတော့ ဆန္ဒပြသူတွေဟာ ညမထွက်ရ အမိန့်ကို ၃ ရက်မြောက်နေ့အဖြစ် အာခံပြီး သမ္မတ ဟို့စ်နီ မူဘာရက် ရာထူးကနေ ဆင်းပေးရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။ အရင်အပတ် အင်္ဂါနေ့ကတည်းက စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေကနေ အခုချိန်ထိ လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

XS
SM
MD
LG