မဲဆန္ဒရှင်တွေက အီဂျစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ထောက်ခံမဲပေးပြီး အတည်ပြုလိုက်ကြတယ်လို့ မူစလင် ညီအစ်ကိုတော်များ အဖွဲ့က ပြောဆိုလိုက်ပါတယ်။ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲဆန္ဒရှင် ၆၄% က ထောက်ခံမဲ ပေးခဲ့ကြတယ်လို့ မူစလင် ညီအစ်ကိုတော်များ အဖွဲ့က ပြောဆိုလိုက်တာပါ။ ပထမနေ့ မဲပေးပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ကကျင်းပခဲ့ပြီး မနေ့က စနေနေ့မှာတော့ ဒုတိယနေ့အဖြစ် မဲပေးခဲ့ကြ တာဖြစ်ပါတယ်။
မဲပေးခွင့်ရှိသူ ၃၂% ကသာ မဲပေးခဲ့ကြတာ တွေ့ရတယ်လို့ ကိုင်ရိုကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ တကယ်လို့ အခု ကနဦးရလဒ်တွေသာ အတည်ဖြစ်မယ်ဆိုရင် ၂ လအတွင်း လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပရမှာ ဖြစ်ပါတယ်။
လက်ရှိ သမ္မတမော်စီ ဟာ မူစလင်ညီအစ်ကိုတော်များ အဖွဲ့ဝင်ဟောင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ထောက်ခံသူ ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံရဲ့ သဘောထား ပျော့ပြောင်းသူတွေ၊ ဘာသာအယူမသီးသူတွေနဲ့ အတိုက်အခံခရစ်ယာန်တွေက တော့ ဒီအခြေခံဥပဒေဟာ လူမှုရေး လွတ်လပ်ခွင့်တွေ ဆိတ်သုဉ်းပြီး အစ္စလာမ်ဥပဒေရဲ့ အခန်းကဏ္ဍ တိုးလာမှာဖြစ်သလို အမျိုးသမီးတွေရဲ့ အခွင့်အရေးကိုလည်း ဖော်ပြထားခြင်း မရှိတာကြောင့် စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။
အစ္စလာမစ်ကော်မတီကနေ ဒီဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ပြီးခဲ့တဲ့လတုန်းက အတည်ပြုခဲ့ရာမှာ သဘောထား ပျော့ပြောင်းသူတွေနဲ့ ခရစ်ယာန်တွေက ဒီအခြေခံဥပဒေဟာ သူတို့ရဲ့ သဘောထားအမြင်တွေကို လျစ်လျူရှုလိုက်တဲ့ အတွက် ကန့်ကွက်တဲ့အနေနဲ့ အစည်းအဝေးကနေ ထွက်ခဲ့ကြပါတယ်။