သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား သမ္မတနုတ်ထွက်ပေးဖို့ အီဂျစ်သမ္မတ တောင်းဆို


အီဂျစ်သမ္မတ မိုဟာမက် မော်စီ
အီဂျစ်သမ္မတ မိုဟာမက် မော်စီ
ဆီးရီးယား သမ္မတ Bashar al-Assad အနေနဲ့ မကြာသေးခင်က ကြုံခဲ့ရတဲ့ ရာဇဝင်ကို သင်ခန်းစာယူပြီး အချိန်မနှောင်းမီ ရာထူးကဆင်းပေးဖို့ အီဂျစ်သမ္မတက ပြောဆို လိုက်သလို တူရကီ ဝန်ကြီးချုပ်ကတော့ ဆီးရီးယားနိုင်ငံဟာ ကိုယ့်လူထုကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေတဲ့ အကြမ်းဖက်မှုတွေ ကျုးလွန်ရာ တိုင်းပြည်တခု ဖြစ်နေပြီလို့ ပြောလိုက်ပါတယ်။

ဆီးရီးယားအစိုးရ ရာထူးကဆင်းပေးဖို့ ထပ်မံတောင်းဆိုရင် ပြဿနာကို ဖြေရှင်းဖို့ဟာ အာရပ်နိုင်ငံတွေရဲ့ တာဝန်တရပ် ဖြစ်တဲ့အကြောင်း အီဂျစ်သမ္မတ Mohamed Morsi က အာရပ် အဖွဲ့ချုပ်ရဲ့ ကိုင်ရိုမြို့ အစည်းအဝေးမှာ ဗုဒ္ဓဟူးနေ့က ပြောလိုက်တာပါ။ ဆီးရီးယားနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်ရမယ့် အချိန်တန်နေပြီး ပြုပြင်ပြောင်းလဲဖို့ ပြောနေရမယ့် အချိန် မဟုတ်တော့ဘူးလို့လည်း အီဂျစ်သမ္မတက ပြောသွားပါတယ်။

ဆီးရီးယားပြဿနာနဲ့ ပတ်သက်လို့ ဒေသတွင်း အာရပ် ၄ နိုင်ငံဖြစ်တဲ့ အီဂျစ်၊ အီရန်၊ တူရကီနဲ့ ဆော်ဒီ အာရေဗီးယား လေးနိုင်ငံ ပူးတွဲဆွေးနွေးပွဲတွေကျင်းပဖို့ အီဂျစ်နိုင်ငံက အဆိုပြုထားတဲ့အတိုင်း တွေ့ဆုံ သွားမယ်လို့လည်း ပြောပါတယ်။ ဆီးရီးယားနိုင်ငံက ဖရိုဖရဲ အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းကြား သဘော တူညီမှု မရနိုင်တဲ့အပေါ်မှာ စိတ်ပျက်မိတဲ့အကြောင်းကိုတော့ တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan ကလည်း သီးခြား မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

ဆီးရီးယား နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေအပေါ် ကွဲလွဲမှုတွေနဲ့ အချိန်ကုန် မခံနိုင်တဲ့အကြောင်း Ankara မြို့က သူ့ရဲ့အာဏာရ AK ပါတီ အစည်းအဝေးအတွင်း ပြောသွားပါတယ်။ တချိန်တည်းမှာပဲ ဆီးရီးယားနိုင်ငံ နေရာ အတော်များများမှာ အစိုးရနဲ့ သူပုန်တပ်တွေကြား ဗုဒ္ဓဟူးနေ့က တိုက်ပွဲတွေ ဖြစ်ပွားရာမှာ အသေအပျောက်တွေလည်း ရှိခဲ့ပါတယ်။
XS
SM
MD
LG