သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် ၄ ရက်မြောက် ဆန္ဒပြပွဲ ရွေးကောက်ပွဲ စောပြီးကျင်းပဖို့ တောင်းဆို


အီဂျစ် ၄ ရက်မြောက် ဆန္ဒပြပွဲ ရွေးကောက်ပွဲ စောပြီးကျင်းပဖို့ တောင်းဆို

အီဂျစ်နိုင်ငံမှာ ဆန္ဒပြပြည်သူတွေက လက်ရှိအာဏာရ စစ်ကောင်စီအနေနဲ့ အရပ်သား အစိုးရကို စောစော အာဏာလွှဲပေးပြီးတော့ သမ္မတ ရွေးကောက်ပွဲကိုလည်း အမြန်ဆုံး ကျင်းပဖို့တောင်းဆိုနေတဲ့ ဆန္ဒပြပွဲ စတုတ္ထမြောက်နေ့ အဖြစ် ကိုင်ရိုမြို့မှာ ဆန္ဒပြပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြားမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အီဂျစ် ပြည်ထဲရေးဝန်ကြီးရဲ့ လုံခြုံရေးအဖွဲ့ဝင် အဓိကရုဏ် နှိမ်နင်းရေး တပ်ဖွဲ့ဝင် ရာပေါင်းများစွာက ကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြတဲ့ ဆန္ဒပြ ပြည်သူတွေကို မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံနဲ့ ငှက်ပစ် ကျည်ဆံတွေကို အသုံးပြု နှိမ်နင်းပြီးတော့ ၀န်ကြီးရုံးနဲ့ ဝေးရာကို မောင်းထုတ်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဘက်က ပြည်ထဲရေး ၀န်ကြီးဌာနဟာ ပြီးခဲ့တဲ့အပတ်က Port Said မြို့မှာ ကျင်းပခဲ့တဲ့ ဘောလုံးပွဲမှာ လူအုပ်ပိ သေဆုံးသူ ၇၄ ဦးကို အကာအကွယ်ပေးဖို့ တာဝန်ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စပြီးဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူပေါင်း ၂,၅၀၀ လောက် ဒဏ်ရာ ရခဲ့ပြီးတော့ ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

စနေနေ့ကတော့ အရင်က ကြေညာထားတဲ့ ဧပြီလ ၁၅ ရက်နေ့ထက် စောပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ သမ္မတ ရွေးပွဲအတွက် အဆိုပြုချက်တွေကို လက်ခံမယ်လို့ စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ အရပ်သားတွေ ပါဝင်တဲ့ ကောင်စီက ပြောဆိုပါတယ်။ အရပ်သား အစိုးရကို အာဏာလွှဲမယ့် အချိန်ဇယားကို ပိုပြီးတော့ အရှိန်မြှင့်နိုင်အောင် သမ္မတ ရွေးချယ်ပွဲဟာ ဧပြီ ဒါမှမဟုတ် မေလမှာ ကျင်းပနိုင်ဖို့အတွက် ရည်ရွယ်ပြီး အခုလို ပြောဆိုတာ ဖြစ်နိုင်ပါတယ်။

XS
SM
MD
LG