အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ ဒုတိယမြောက်နေ့အဖြစ် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ရက်ကြာ တိုက်ခိုက်မှုတွေကြောင့် လူအနည်းဆုံး ၉ ဦးသေဆုံးပြီး လူ ၃၀၀ ကျော် ဒဏ်ရာရသွားပါတယ်။
တဟီရာရင်ပြင်က လွှတ်တော်အဆောက်အဦးနားမှာ စုဝေးဖို့ကြိုးစားနေကြတဲ့ ဆန္ဒပြသူတွေကို လူစုခွဲနိုင်အောင်လို့ စစ်သွားတွေက ခေါင်းမိုးတွေပေါ်ကနေ ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ စစ်အုပ်ချုပ်ရေး အဆုံးသတ်ပေးဖို့ တောင်းဆိုတဲ့ ကြွေးကြော်သံတွေ၊ အော်ဟစ်ဖို့လူစုနေတဲ့ ဆန္ဒပြသူတွေကို ရဲတွေက သံတုတ်တွေနဲ့ ရိုက်နေတာကို ဗွီအိုအေသတင်းထောက်ကိုယ်တိုင် တွေ့မြင်ခဲ့ရပါတယ်။
တချို့နေရာတွေမှာ ဆန္ဒပြသူတွေက အရံအတား ကာထားတာမျိုး ရှိပါတယ်။ သမ္မတ Kamal el-Ganzouri ကတော့ လုံခြုံရေးတပ်ဖွဲ့တွေဟာ အစိုးရ အဆောက်အဦးတွေကို ကာကွယ်ဖို့ ကြိုးစားတာလို့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောသွားပါတယ်။ ဆန္ဒပြသူ ၁၈ ဦး သေနတ်မှန်လို့ ဆေးကုသမှုပေးနေရတယ်လို့တော့ သူက အတည်ပြုပြီး လုံခြုံရေးတပ်ဖွဲ့တွေမှာ လက်နက် မပါပါဘူးလို့လည်း တွင်တွင်ပြောနေပါတယ်။
အီဂျစ်နိုင်ငံမှာ အရင်တပတ်က ဒုတိယတကြော့ လွှတ်တော်ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ရလဒ်တွေထွက်ပေါ်ဖို့ စောင့်စားနေကြချိန်မှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားတာဖြစ်ပါတယ်။