အီဂျစ်နိုင်ငံမှာ ဒီနေ့ သောကြာနေ့ မူစလင် ဆုတောင်းပွဲတွေအပြီး ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေ လမ်းပေါ်ထွက်ပြီး နှစ် ၃၀ အုပ်ချုပ်လာတဲ့ သမ္မတ ဟိုစနီမူဘာရက်ကို ရာထူးကနေဆင်းပေးရေးအတွက် အကြီးအကျယ် ထပ်မံဆန္ဒပြခဲ့ကြပါတယ်။ လုံခြုံရေးတပ်တွေက ကိုင်ရိုမြို့နယ်က ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ပစ်ပြီးတော့ လူစုခွဲခဲ့ပါတယ်။ မီးသတ်ပိုက်တွေ တပ်ဆင်ထားတဲ့ ရဲထရပ်ကားကြီးတွေကလည်း ကိုင်ရိုမြို့တော်က လမ်းတွေပေါ်မှာ လူစုခွဲဖို့ အသင့်ရှိနေကြပါတယ်။
မနေ့ကမှ သြစကြီးယားနိုင်ငံကနေ အီဂျစ်နိုင်ငံကို ပြန်ရောက်လာတဲ့ အီဂျစ် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုမှာ အထင်ကရဖြစ်တဲ့ အတိုက်အခံ ခေါင်းဆောင်တဦးလည်းဖြစ်လာတဲ့ မစ္စတာ မိုဟာမတ် အယ်လ်ဘာရာဒေး ကို အာဏာပိုင်တွေက မီးသတ်ပိုကတွေနဲ့ ထိုးခဲ့တယ်လို့ အေပီသတင်းမှာ ရေးသားထားပါတယ်။ မစ္စတာ အယ်လ်ဘာရာဒေးဟာ တကိုယ်လုံး ရေတွေနဲ့ရွှဲပြီး လူစုခွဲတဲ့ရဲတွေ ဝိုင်းနေတဲ့ဗလီတခုထဲမှာ ပိတ်မိနေတယ်လို့ ဆိုပါတယ်။ မစ္စတာ အယ်လ်ဘာရာဒေး နဲ့ သူ့ကို ထောက်ခံသူအဖွဲ့ဟာ ဆန္ဒပြသူတွေနဲ့ ပူးပေါင်းဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ ရဲတွေနဲ့ အခြေအတင် ဖြစ်ခဲ့တာပါ။
ဆန္ဒပြသူတွေ ဆက်သွယ်စုဝေးကြဖို့ အဓိကအားထားတဲ့ အင်တာနက်လိုင်းတွေကိုလည်း ဒေသစံတော်ချိန် ကြာသပတေးနေ့ သန်းခေါင်ယံကျော်ချိန်က နိုင်ငံတဝှမ်းမှာ ဖြတ်တောက်ခြင်း ခံလိုက်ရပါတယ်။ လက်ကိုင်ဖုန်းကနေ တက်စ်မက်စေ့ ပို့တာတွေကိုလည်း အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။
အီဂျစ်နိုင်ငံက လက်ရှိ မငြိမ်မသက်ဖြစ်ပွားမှုတွေကနေ အကြမ်းဖက်မှုတွေ မဖြစ်လာအောင် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်သွားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပန်ကြားခဲ့ပါတယ်။ တချိန်တည်းမှာပဲ အီဂျစ်နိုင်ငံက အကြီးဆုံး နိုင်ငံရေး အတိုက်အခံ အဖွဲ့ဖြစ်ပြီး အစိုးရက မတရားအသင်း ကြေညာထားတဲ့ မူစလင် ညီအစ်ကိုများအဖွဲ့က သူတို့ရဲ့ အကြီးတန်းခေါင်းဆောင် အနည်းဆုံး ၅ ဦးနဲ့ လွှတ်တော်အမတ်ဟောင်း ၅ ဦးဟာ ဒီနေ့မနက် အစောပိုင်းကပဲ အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။