သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်အစိုးရ ဖျက်သိမ်း


အီဂျစ်အစိုးရ ဖျက်သိမ်း
အီဂျစ်အစိုးရ ဖျက်သိမ်း

အီဂျစ်သမ္မတ ဟိုစနီမူဘာရက်က လက်ရှိအစိုးရအဖွဲ့ကို ရပ်ဆိုင်းဖို့ သူအမိန့်ထုတ်ထားပြီးဒီကနေ့ စနေနေ့မှာပဲ အစိုးရသစ်ကို ကြေညာမယ်လို့ တိုင်းပြည်ကို ရုပ်မြင်သံကြားကနေ သောကြာနေ့ညက ပြောတဲ့ သူ့ရဲ့ မိန့်ခွန်းမှာ ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း သူရာထူးက နှုတ်ထွက်ဖို့ကိုတော့ ငြင်းနေပါတယ်။ လုံခြုံရေး တွေ နဲ့ ဆန္ဒပြသူတွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ထိခိုက်သေဆုံးခဲ့သူတွေ အတွက် စိတ်မကောင်း ဖြစ်ရတဲ့အကြောင်း၊ အလုပ်လက်မဲ့နှုန်းကိုနည်းအောင် လျှော့ချသွားမယ့်အကြောင်း၊ စီးပွားရေးနဲ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားမယ့်အကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု တွေကိုလည်း တိုးတက်အောင် လုပ်ပေးမယ်လို့ ပြောပါတယ်။

အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ သမ္မတမူဘာရက်ဟာ နှစ်ပေါင်း ၃၀ တိုင်းပြည်ကို အုပ်ချုပ်လာတာဖြစ်ပြီး သူ့ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေက နိုင်ငံတဝှမ်းမှာ အကြီးအကျယ်ဖြစ်နေတာပါ။ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိမ်နင်းဖြိုခွဲမှုတွေကလည်း အပြင်းအထန်ရှိနေတာပါ။

မနေ့တုန်းက မြို့တော် ကိုင်ရိုမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားခဲ့ပေမဲ့လည်း ဆန္ဒပြပြည်သူတွေက အဲဒီ အမိန့်ကို ဆန့်ကျင်ပြီးလမ်းမတွေပေါ်မှာ လှုပ်ရှားခဲ့ကြတာပါ။ မနေ့ညပိုင်းက ပဋိပက္ခတွေအတွင်း သေဆုံးသူ အနည်းဆုံး ၁၃ ဦး ရှိတယ်လို့ ကျန်းမာရေးအရာရှိတွေက ဆိုပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ၁၀၀ ကျော် တယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူတွေက ထောင်နဲ့သောင်းနဲ့ချီပြီး ရှိနေတာပါ။ မြို့တော်တဝှမ်း မှာလည်း တင့်ကားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အကြီးအကျယ်ချထားပြီး အဆောက်အဦးတွေလည်း မီးရှို့ခံခဲ့ရပါတယ်။ အစိုးရအဆောက်အဦးတွေ အပါအဝင် လက်ရှိအာဏာရပါတီရဲ့ ရုံးချုပ်လည်း မီးရှို့ခံရတဲ့အထဲမှာ ပါပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့ကတည်းက စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း လူ ၈၀၀ လောက်ကို ဖမ်းဆီးထားတယ်လို့ အစိုးရက ပြောပါတယ်။ လူ့အခွင့်အရေး အုပ်စုတွေကတော့ လူ ၂,၀၀၀ ကျော် အဖမ်းခံထားရတယ်လို့ ဆိုပါတယ်။ အီဂျစ်သမ္မတ မူဘာရက်က တိုင်းပြည်ကို မိန့်ခွန်းပြောခဲ့ပြီး မကြာခင်မှာပဲ အမေရိကန်သမ္မတ ဘရက်အိုဘားမားက မစ္စတာမူဘာရက်နဲ့ စကားပြောခဲ့ပါတယ်။

အီဂျစ်သမ္မတ မူဘာရက်နဲ့ အမေရိကန်သမ္မတ စကားပြောကြားအပြီးမှာတော့ အမေရိကန်သမ္မတက တိုင်းပြည်ကို မိန့်ခွန်းတရပ်ပြောကြားခဲ့ပါတယ်။ အီဂျစ်နိုင်ငံမှာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတာတွေ မလုပ်ဖို့ အီဂျစ်လက်နက်ကိုင်တပ်တွေကို အမေရိကန်သမ္မတက တောင်းဆိုလိုက်တာပါ။

အီဂျစ်နိုင်ငံတလွှား အင်တာနက်ဆက်သွယ်မှုတွေ လုပ်ဆောင်ပြီး နား၊ မျက်စေ့ဖွင့်ထားကြဖို့နဲ့ အီဂျစ် နိုင်ငံသားတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးကြဖို့လည်း သမ္မတအိုဘားမားက တိုက်တွန်းပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရအနေနဲ့ အီဂျစ်အစိုးရနဲ့ အရင်က လက်တွဲဆောင်ရွက်ခဲ့သလိုပဲ နောင်ကိုလည်း လက်တွဲ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတအိုဘားမားဟာ သမ္မတရာထူးကို လက်ခံခဲ့ပြီးနောက်ပိုင်း အီဂျစ်နိုင်ငံကိုသွားရောက်ရာမှာ အီဂျစ်ပြည်သူတွေကိုအုပ်ချုပ်မယ့် အစိုးရတရပ်ဟာ လူထုအတွက် ဖြစ်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

အီဂျစ်နိုင်ငံမှာ ဘယ်အစိုးရပဲတက်တက် အများသဘောတူညီမှုနဲ့ အုပ်ချုပ်ဖို့လိုအပ်ပြီး ဖိနှိပ်အုပ်ချုပ်တာမျိုး မလုပ်ကြဖို့ အရင်ကတည်းက ပြောခဲ့ပါတယ်။ ဒါဟာ ဘယ်သူ့အတွက်မဆို တသမတ်တည်းရှိရမယ့် စံဖြစ်ပြီး အီဂျစ်နိုင်ငံသားအားလုံး ခံစားခွင့်ရှိပါတယ်လို့ ပြောသွားတာပါ။ ရှေ့ရက်တွေမှာ အခက်အခဲတွေနဲ့ကြုံလာမှာ သေချာပေမဲ့ အီဂျစ်နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေအတွက် အမေရိကန်နိုင်ငံက ဆက်လက်ပြီးတော့ ရပ်တည်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် ကလည်း ဆန္ဒပြသူတွေကို အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့အတွက် သောကြာနေ့မှာ တိုက်တွန်း လိုက်ပါတယ်။ အီဂျစ်နိုင်ငံ ပြန်လည်ပြုပြင်ရေး တောင်းဆိုနေသူတွေနဲ့ ချက်ချင်းတွေ့ဆုံဆွေးနွေးဖို့လည်း အီဂျစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အီဂျစ်နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အဓိကရုဏ်းကို ကိုင်တွယ်တာတွေနဲ့ လာမယ့်ရက်တွေအတွင်း ဖြစ်ပွား လာမယ့်အခြေအနေတွေပေါ်မှာ မူတည်ပြီး အီဂျစ်နိုင်ငံဆိုင်ရာ အကူအညီပေးနေတဲ့ အမေရိကန်နိုင်ငံရဲ့ မူဝါဒကို ပြန်လည် သုံးသပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG