သုံးရလွယ်ကူစေသည့် Link များ

အစိုးရသစ်ဖွဲ့စည်းရေး အီဂျစ်လူထု ဆက်လက်ဆန့်ကျင်


အစိုးရသစ်ဖွဲ့စည်းရေး အီဂျစ်လူထု ဆက်လက်ဆန့်ကျင်

အီဂျစ်နိုင်ငံရဲ့ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် အိုမာဆိုလီမန်ကို လျစ်လပ်နေတဲ့ ဒုသမ္မတရာထူးမှာ သမ္မတ ဟိုစနီမူဘာရက် က ခန့်အပ်လိုက်ပါတယ်။ အီဂျစ်နိုင်ငံတ၀ှမ်းမှာ ညနေ ၄ နာရီကနေ နောက်တနေ့ မနက် ၈ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမဲ့ အလွှာပေါင်းစုံက ပြည်သူတွေ သိန်းနဲ့ချီပြီး သောကြာနေ့ တညလုံးရော၊ စနေနေ့မှာပါ ဆက်လက်ပြီး အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေကို ဆင်နွှဲနေကြပါတယ်။

ကိုရိုမြို့တော်မှာ နေရာယူထားကြတဲ့ အီဂျစ်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေကို ဆန္ဒပြသူ အီဂျစ်ပြည်သူတွေက ပန်းစည်းတွေကမ်းပြီးတော့ သူတို့ဘက်ကို ပါဝင်ဖို့ လိုက်လံမေတ္တာရပ်ခံနေကြသလို ငွေစက္ကူရိုက်နှိပ်တဲ့ အစိုးရဘဏ်ရဲ့ ရုံးတ၀ိုက်မှာတော့ သေနတ်သံတွေ ကြားနေရပါတယ်။

နိုင်ငံတ၀ှမ်းက ဗဟိုဘဏ်ရုံးခွဲတွေ ရှိရာမှာ တိုက်ခိုက်ခံနေရတယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန အနီးမှာတော့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင် ဒီကနေ့ စနေနေ့မှာ တဦး သေဆုံးသွားတာကြောင့် အခု ၅ ရက်ဆက်တိုက် အီဂျစ်က ဆန္ဒပြပွဲတွေမှာ သေဆုံးသူပေါင်း ၇၄ ဦးရှိသွားခဲ့ပါပြီ။ နေအိမ်မှာ အကျယ်ချုပ်နဲ့ အထိန်းသိမ်းခံထားရတယ်လို့ သတင်းထွက်နေတဲ့ နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) ရဲ့ ညွှန်ကြားရေးမှူးဟောင်း နိုဘဲလ်ငြိမ်းချမ်းရေ ဆုရှင် မိုဟာမတ် အယ်လ်ဘာရာဒေး ဟာ အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်ပေးမယ်လို့ သမ္မတ ဟိုစနီမူဘာရက်ရဲ့ သောကြာနေ့က မိန့်ခွန်းဟာ အလွန်စိတ်ပျက်ဖို့ကောင်းပြီး သမ္မတကိုယ်တိုင် နုတ်ထွက်ပေးသင့်တယ်လို့ ဒီကနေ့ သူ့ရဲ့နေအိမ်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ကိုင်ရိုမြို့လယ်ခေါင် ထက်ဟီရာ ရင်ပြင်မှာ စစ်တပ်တွေ၊ သံချပ်ကာကားတွေ၊ တင့်ကားတွေ ရှိနေပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေကြပေမဲ့ စစ်တပ်ဟာ ပါဝင်ပတ်သက်ဖို့အမိန့် မရသေးဘူးလို့ အယ်လ်ဂျာဇီးယား သတင်းတပုဒ်မှာ ဆိုပါတယ်။ သမ္မတ မူဘာရက်က အစိုးရ၀န်ကြီး အဖွဲ့သစ်ဖွဲ့စည်းရေးကို ပြင်ဆင်နေစဉ်မှာပဲ အစိုးရအဖွဲ့ရဲ့ အထက်မှာရှိတဲ့ အာဏာရ NDP ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တဦး ပါတီကနေ နုတ်ထွက်သွားခဲ့ပါတယ်။

XS
SM
MD
LG