သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြင်မထွက်ရအမိန့်ကို အံတုပြီး အီဂျစ်ဆန္ဒပြမှုတွေ ဆက်ဖြစ်ပွား


အပြင်မထွက်ရအမိန့်ကို အံတုပြီး အီဂျစ်ဆန္ဒပြမှုတွေ ဆက်ဖြစ်ပွား
အပြင်မထွက်ရအမိန့်ကို အံတုပြီး အီဂျစ်ဆန္ဒပြမှုတွေ ဆက်ဖြစ်ပွား

အီဂျစ်နိုင်ငံမှာ ညမထွက်ရနဲ့ လူစုလူဝေးမလုပ်ရ ကာဖျူးအမိန့်ကို ဖီဆန်ပြီး ထောင်သောင်းချီတဲ့ လူထုကြီးက သမ္မတ ဟိုစနီမူဘာရက် နှုတ်ထွက်ပေးရေး ၅ ရက်မြောက် ဆက်လက်တောင်းဆို ဆန္ဒပြနေကြပါတယ်။

ကိုင်ရိုမြို့လယ် တာရီယင်ပြင်နဲ့ တခြားရပ်ကွက်တွေမှာရော၊ အလက်ဇန်ဒါးနဲ့ စူးအက်ဇ်မြို့တွေမှာပါ လူထုက ကြွေးကြော်သံတွေနဲ့ သမ္မတဟိုစနီမူဘာရက် နှုတ်ထွက်ပေးရေး တောင်းဆိုနေကြပါတယ်။ လူထုဆန္ဒပြပွဲတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေကို အခွင့်ကောင်းယူလေ့ရှိတဲ့ လုယက်ဖောက်ထွင်းသူတွေရဲ့ ပြဿနာနဲ့ ကိုင်ရို ဒေသခံတွေ ရင်ဆိုင်နေကြရပါတယ်။ ဒါကြောင့် ကိုင်ရိုမြို့ တချို့ရပ်ကွက်တွေမှာ ကိုယ့်ရပ်ကွက်လုံခြုံအောင် ရရာ လက်နက်စွဲ ကာကွယ်နေကြရပါတယ်။ တချိန်တည်းမှာပဲ သမ္မတမူဘာရက်က အီဂျစ်ထောက်လှမ်းရေး အကြီးအကဲ အိုမာစူလေမန်ကို ဒုသမ္မတ၊ မြို့ပြ လေကြောင်းဌာနဝန်ကြီး အာမက်ရှာဖစ်ခ်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပြီး အစိုးရဝန်ကြီးအဖွဲ့သစ် ခန့်အပ်ဖို့ တာဝန်ပေးလိုက်ပါတယ်။

အီဂျစ်အတိုက်အခံလှုပ်ရှားသူ မိုဟာမက်အယ်လ်ဘာရာဒေးကတော့ အစိုးရပြောင်းလဲဖွဲ့ပေးတာနဲ့ မလုံလောက်ကြောင်း၊ လူထုတောင်းဆိုနေတာက အာဏာရှင်အစိုးရ အဆုံးသတ်ရေး ဖြစ်တယ်လို့ ပြောပါတယ်။ လူထုဆန္ဒပြပွဲတွေအတွင်း ရုန်းရင်းဆန်ခတ်မှုတွေနဲ့ လုံထိန်းရဲတွေရဲ့ပစ်ခတ်မှုတွေကြောင့် ၆၂ ယောက်ထက်မနည်း သေဆုံးပြီး ၁,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ အမေရိကန်သမ္မတအိုဘားမားက အီဂျစ်အရေးနဲ့ပတ်သက်ပြီး ထိပ်တန်းလုံခြုံရေး အကြံပေးတွေနဲ့ မနေ့က ဆွေးနွေးခဲ့ပါတယ်။

အီဂျစ်နိုင်ငံမှာ အခုအသစ်ခန့်အပ်လိုက်တဲ့ ဒု-သမ္မတအိုမာစူလေမန်ဟာ ၁၉၉၃ခုနှစ်ကစပြီး နိုင်ငံရဲ့ ထောက်လှမ်းရေး အကြီးအကဲအဖြစ် လူသိများကျော်ကြားသူ ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံရဲ့အသိမ်မွေ့ဆုံး နိုင်ငံခြားရေးမူဝါဒတချို့ကို ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။

အိုမာစူလေမန်ဟာ သမ္မတဟိုစနီ မူဘာရက်ရဲ့ အနီးကပ်စိတ်ချရသူဖြစ်ပြီး မူဘာရက် သမ္မတတာဝန်ယူခဲ့တဲ့ နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် ဒု-သမ္မတရာထူးကို အခုလို ခန့်အပ်လိုက်တာဖြစ်ပါတယ်။ အီဂျစ်သမ္မတ အန်နဝါဆာဒတ် လုပ်ကြံခံရတဲ့အချိန်မှာ ဟိုစနီမူဘာရက်ဟာ ဒု-သမ္မတရာထူးကနေ သမ္မတ တာဝန်ယူခဲ့တာဖြစ်ပါတယ်။

မစ္စတာစူလေမန်ကို အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အစွန်းရောက်အစ္စလာမ်ဝါဒ နှိမ်နှင်းရာမှာ ကြားဝင် စေ့စပ် ဖြန်ဖြေပေးသူအဖြစ် နိုင်ငံတကာရဲ့လေးစားမှု ခံယူရသူဖြစ်ပါတယ်။ သူ့ကို အရှေ့အလယ်ပိုင်းဒေသက သြဇာအာဏာအရှိဆုံး ထောက်လှမ်ရေးအကြီးအကဲတွေထဲက တဦးအဖြစ် ၂၀၀၉ ခုနှစ် Foreign Policy မဂ္ဂဇင်းက မှတ်တမ်းတင်ခဲ့ပါတယ်။

အခုအသစ်ခန့်အပ်လိုက်တဲ့ အီဂျစ်ဝန်ကြီးချုပ်သစ် အာမက်ရှာဖစ်(ခ်) ဟာ လေတပ် တပ်မှူးကြီးဟောင်းတဦး ဖြစ်ပြီး ရာထူးကနှုတ်ထွက်တော့မယ့် မြို့ပြလေကြောင်းဝန်ကြီးလည်း ဖြစ်ပါတယ်။ ဒု-သမ္မတ စူလေမန် ဟာလည်း စစ်တပ်ရဲ့ ဒုဗိုလ်ချုပ်ကြီးဖြစ်ပါတယ်။

XS
SM
MD
LG