အီဂျစ်သမ္မတ ဟိုစနီမူဘာရက် ရာထူးကဆင်းပေးဖို့ ကြွေးကြော်သံတွေ၊ အလံတွေကို ကိုင်ထူပြီး ကိုင်ရိုမြို့ရဲ့ တယ်ရီရာ (Tahrir) လွတ်မြောက်ရေးရင်ပြင်မှာ အစိုးရဆန့်ကျင်သူတွေ ထောင်သောင်းချီ ဆက်လက် ဆန္ဒပြတောင်းဆိုနေကြပါတယ်။ သမ္မတကတော့ သက်တမ်းကုန်တဲ့အထိ ရာထူးဆက်ပြီးတာဝန်ယူသွားမယ်လို့ ပြောထားပေမဲ့လည်း သူထွက်ပေးရမယ့်နေ့ ဒီကနေ့အဖြစ် ဆန္ဒပြသမားတွေက ဆက်လက်ဆန္ဒပြနေကြတာပါ။
အရင်နေ့တွေတုန်းကလို သမ္မတလိုလားသူတွေနဲ့ ဆန့်ကျင်သူတွေအကြား ပဋိပက္ခဖြစ်ပွားတာတွေတော့ မတွေ့ရပါဘူး။ ဒီကနေ့ လွတ်မြောက်ရေးရင်ပြင်မှာ ဆန္ဒပြပွဲတွေကိုတော့ အီဂျစ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့ဖူးသူ ထင်ရှားတဲ့ အီဂျစ်နိုင်ငံရေးခေါင်းဆောင် အာရပ်အဖွဲ့ချုပ် အကြီးအကဲ အာမီယာမူဆာလည်း ပူးပေါင်းပါဝင်လာပါတယ်။
အီဂျစ်သမ္မတ ဟိုစနီမူဘာရက် ရာထူးက ချက်ချင်းနုတ်ထွက်ပေးပြီး စစ်တပ်ရဲ့ ထောက်ခံမှုနဲ့ ဒုသမ္မတ အိုမန်ဆူလေမန် ဦးဆောင်တဲ့ အသွင်ကူးပြောင်းရေး အစိုးရတရပ်ကို အာဏာလွှဲပြောင်းပေးဖို့ အဆိုပြုချက်တရပ်နဲ့ပတ်သက်ပြီး အီဂျစ်နဲ့ အမေရိကန်အစိုးရတာဝန်ရှိသူတွေအကြား ဆွေးနွေးနေတယ်လို့လည်း အမေရိကန် အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
ဆန္ဒပြပွဲတွေ ၁၁ ရက်ကြာလာတဲ့အချိန်မှာတော့ အစိုးရနဲ့အတိုက်အခံတွေအကြား ဆွေးနွေးမှုတွေ စတင်ဖို့အတွက် ဥရောပသမဂ္ဂ အီးယူခေါင်းဆောင်တွေကလည်း တိုက်တွန်းနေကြပါတယ်။