သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ဆန္ဒပြပွဲ အင်အားကြီးလာ


အီဂျစ်ဆန္ဒပြပွဲ အင်အားကြီးလာ
အီဂျစ်ဆန္ဒပြပွဲ အင်အားကြီးလာ

အီဂျစ်သမ္မတ ဟိုစနီမူဘာရက် အာဏာကနေချက်ချင်းဆင်းပေးဖို့ တောင်းဆိုနေတဲ့ လူထုဆန္ဒပြမှုတွေ ကတော့ မနေ့က ညပိုင်းအထိ မြို့တော်ကိုင်ရိုက Tahrir လို့ခေါ်တဲ့ လွတ်မြောက်ရေးရင်ပြင်မှာ ဆက်ပြီးရှိနေတုန်းပါပဲ။ ထောင်နဲ့သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အီဂျစ်နိုင်ငံတော်အလံကို ဝှေ့ယမ်းပြီး အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။ အဲဒီ Tahrir ရင်ပြင်မှာ ဗွီအိုအေ သတင်းထောက်တဦးလည်း ရှိနေပါတယ်။ ဆန္ဒပြလူထုကြီးက ထွက်သွားလို့ ရေးထားတဲ့ နဖူးစည်း စာတမ်းကြီးကို ဟန်ချက်ညီညီ ကြွေးကြော် လှုပ်ယမ်းနေကြတယ်လို့ ဆိုပါတယ်။

သမ္မတ မူဘာရက်အတွက် ထွက်ခွာရမယ့်နေ့အဖြစ် မနေ့က သောကြာနေ့ကို သတ်မှတ်ပြီး တောင်းဆိုဆန္ဒပြ ခဲ့ကြတာပါ။ Tahrir ရင်ပြင်မှာ ဆန္ဒပြနေကြတဲ့သူတွေကို အရေးမယူပါဘူးလို့ အီဂျစ်ဝန်ကြီးချုပ် အာမက်ရှာဖစ်က မနေ့ကပဲ ကတိပေးလိုက်ပါတယ်။ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့အချိန်ကိုလည်း လျှော့ချလိုက်ပါတယ်။ အရင်က ညနေ ၅ နာရီကနေ မနက် ၇ နာရီအတွင်း အိမ်အပြင်မထွက်ရ ဆိုတဲ့အမိန့်အစား အခု ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း အပြင်မထွက်ရလို့ ပြောင်းလဲ သတ်မှတ်ခဲ့တာပါ။

ဒါပေမဲ့လည်း ဆန္ဒပြသူတွေကတော့ အခုလိုထုတ်ပြန်ထားတဲ့အမိန့်ကို လုံးဝမနာခံဘဲ နေ့ရောညရော ဆန္ဒတွေပြနေကြတာ ဆယ်ရက်ကျော်လာပါပြီ။ မနေ့က ဆန္ဒပြပွဲမှာ ထူးခြားချက်တခုကတော့ အရင်က အီဂျစ်နိုင်ငံခြားရေးဝန်ကြီး တာဝန်ကိုယူခဲ့ဖူးတဲ့ ထင်ရှားတဲ့နိုင်ငံရေးခေါင်းဆောင်၊ အခုအာရပ်အဖွဲ့ချုပ်ရဲ့ အကြီးအကဲ အမ်မာမူဆာက Tahrir ရင်ပြင်ကဆန္ဒပြသူတွေနဲ့အတူ ပူးပေါင်းခဲ့တာပါပဲ။ သူဟာ သမ္မတအဖြစ် ဝင်ရွေးဖို့စဉ်းစားနိုင်တဲ့သူလို့လည်း ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။

အီဂျစ်နိုင်ငံက အလက်ဇန်းဒရီးယားမြို့မှာလည်း အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေ ထောင်နဲ့ချီပြီး မနေ့က ဆန္ဒထွက်ပြခဲ့ကြပါတယ်။ တခြားမြို့ကြီးတွေမှာလည်း သမ္မတမူဘာရက်ကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ရှိနေတာပါ။ သမ္မတမူဘာရက် နောက်တကြိမ် သမ္မတအဖြစ် အရွေးမခံတော့ဘူးလို့ ပြောဆိုထားပေမဲ့လည်း ဆန္ဒပြသူတွေကတော့ သူ့ကိုရာထူးကနေ အခုချက်ချင်း နှုတ်ထွက်ဖို့ တောင်းဆိုနေတာပါ။ သမ္မတ မူဘာရက်ဟာ အသက် ၈၂ နှစ် ရှိနေပါပြီ။

XS
SM
MD
LG