သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဘာရက်ပြုတ်ကျတဲ့ တစ်နှစ်ပြည့် ဆန္ဒပြပွဲများ ပါဝင်သူနည်း


မူဘာရက်ပြုတ်ကျတဲ့ တစ်နှစ်ပြည့် ဆန္ဒပြပွဲများ ပါဝင်သူနည်း
မူဘာရက်ပြုတ်ကျတဲ့ တစ်နှစ်ပြည့် ဆန္ဒပြပွဲများ ပါဝင်သူနည်း

အီဂျစ်သမ္မတ ဟိုစနီမူဘာရက် (Hosni Mubarak) ရာထူးက ပြုတ်ကျသွားတဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တက်ကြွလှုပ်ရှားသူတွေ စနေနေ့က အီဂျစ်နိုင်ငံတဝှမ်း ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမဲ့ လာရောက် ပါဝင်သူ အရေအတွက်ဟာ မျှော်လင့်ထားသလောက် မများလှပါဘူး။

တော်လှန်ပုန်ကန်တဲ့နေ့အဖြစ် သတ်မှတ်ပြုလုပ်ခဲ့တဲ့ ဒီ ဆန္ဒပြပွဲတွေအတွင်း စစ်အုပ်ချုပ်ရေး ကောင်စီအနေနဲ့ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ တော်လှန် ပုန်ကန်ကြဖို့ ဦးဆောင် လှုပ်ရှားသူတွေက တောင်းဆိုခဲ့ပေမဲ့ ပါဝင်ဆင်နွှဲသူ အရေအတွက် အတော်လေးနည်းနေပြီး ကိုင်ရိုမြို့က တဟီရာ (Tahrir) ရင်ပြင်ကို ရောက်လာသူ အရေအတွက်ဟာလည်း သိသိသာသာ နည်းနေတာကို တွေ့ရပါတယ်။

စနေနေ့မှာပဲ လူတွေ ဆန္ဒပြပွဲမှာ ပါဝင် ဆင်နွှဲဖို့ ငွေပေးပြီး အားပေးအားမြောက် လုပ်ခဲ့တဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သြစတြေးလျ သတင်းထောက်တစ်ယောက်၊ အမေရိကန် ကျောင်းသားတစ်ယောက်နဲ့ သူတို့ရဲ့ ဘာသာပြန်တို့ကို Mahalla မြို့မှာ အီဂျစ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

အီဂျစ်နိုင်ငံထဲက အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေကို နိုင်ငံခြား တိုင်းပြည်တွေက တရားမဝင် ငွေကြေးထောက်ပံ့မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမေရိကန်နဲ့ အီဂျစ်အကြား ဆက်ဆံရေးတွေ တင်းမာနေတဲ့ကြားမှာပဲ အမေရိကန် စစ်ဘက် ထိပ်တန်း ဗိုလ်ချုပ်ကြီးတစ်ဦးနဲ့ အီဂျစ် စစ်အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲတို့ ကိုင်ရိုမြို့မှာ တွေ့ဆုံနေတဲ့အချိန် အခုလို ဖမ်းဆီးမှုအသစ်တွေ ဖြစ်ပေါ်လာတာပါ။

အမေရိကန်နိုင်ငံသား ၁၉ ယောက်အပါအဝင် ပြည်တွင်း ပြည်ပက တက်ကြွလှုပ်ရှားသူ ၄၃ ယောက်ကို အီဂျစ်အစိုးရက ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ထားတာပါ။ အီဂျစ်နိုင်ငံအရေးမှာ ဝင်ရောက် နှောက်ယှက်တယ်ဆိုပြီး နိုင်ငံခြားအဖွဲ့အစည်းတွေကို အီဂျစ်အစိုးရက စွပ်စွဲ ပြောဆိုနေတာပါ။ အခုလို ဖမ်းဆီးမှုတွေ၊ စွပ်စွဲ ပြောဆိုမှုတွေကြောင့် အမေရိကန်က အီဂျစ်ကိုပေးမယ့် ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ တန်ဖိုးရှိတဲ့ စစ်ဘက်ဆိုင်ရာ အကူအညီတွေကို ပြန်လည် သုံးသပ်ဖို့အထိ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG