သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ် ထိပ်တိုက်တွေ့ပြန်ပြီ


အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က စစ်တပ်အုပ်ချုပ်ရေး ဆန့်ကျင် ဆန္ဒပြနေကြသူများ။ (နိုဝင်ဘာလ ၂၇၊ ၂၀၁၁)
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က စစ်တပ်အုပ်ချုပ်ရေး ဆန့်ကျင် ဆန္ဒပြနေကြသူများ။ (နိုဝင်ဘာလ ၂၇၊ ၂၀၁၁)

အီဂျစ်နိုင်ငံ အရေးပေါ်အခြေအနေမှာ အုပ်ချုပ်ရေးကို တာဝန်ယူထားတဲ့စစ်တပ်ကို ဖယ်ရှားပေးဖို့ ကိုင်ရိုမြို့ တဟီရာရင်ပြင်မှာ ဆန္ဒပြသူတွေက ဆက်လက် ဖိအာေးပး တောင်းဆိုကြတဲ့အတွက် အပြန်အလှန် တိုက်ခိုက်မှုသစ်တွေ ဖြစ်နေပါတယ်။ ခဲနဲ့ထုတဲ့ ဆန္ဒပြသမားတွေကို လုံခြုံရေးတပ်တွေက မျက်ရည်ယိုဗုံးတွေ နဲ့ ပြန်ပြီး နှိမ်နင်းကြပါတယ်။

လုံခြုံရေးတပ်က ကားနဲ့တိုက်မိလို့ အနည်းဆုံး လူတစ်ယောက် သေဆုံးပါတယ်။ အီဂျစ် အာဏာပိုင်တွေက မတော်တဆဖြစ်ရတာပါလို့ ပြောပါတယ်။ သောကြာနေ့က အလက်ဇန်းဒရီးယားမြို့မှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေ ထိပ်တိုက်တွေ့ကြပါတယ်။ ပြီးခဲ့တဲ့အပတ်က တနိုင်ငံလုံးမှာ အနည်းဆုံး ၄၂ ယောက် သေဆုံးသွားပါတယ်။

တနင်္လာနေ့မှာ ပါလီမန်ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေချိန်မှာ မငြိမ်မသက်မှုတွေ ဖြစ်လာတာဖြစ်ပါတယ်။ သမ္မတ ဟိုစနီမူဘာရက် ပြုတ်ကျအပြီး ပထမဆုံးပြုလုပ်မယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ စနေနေ့က သမ္မတနေရာ အရွေးခံမယ့်ပုဂ္ဂိုလ်နှစ်ဦးနဲ့ စစ်ကောင်စီတို့ တနေရာစီခွဲပြီး တွေ့ဆုံကြပါတယ်။ အတိုက်အခံ ခေါင်းဆောင် Mohamed ElBaradei နဲ့ အာရပ်နိုင်ငံများအဖွဲ့ချုပ် ခေါင်းဆောင် Amr Moussa တို့ ဖြစ်ကြပါတယ်။

လောလောဆယ်ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ စစ်တပ်နဲ့ Moussa တို့အကြား ဆွေးနွေးကြတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝါဒဆိုင်ရာ ခေါင်းဆောင် Catherine Ashton ကအီဂျစ်နိုင်ငံက အကြမ်းဖက်မှုတွေကို ဝေဖန်ရှုတ်ချလိုက်ပြီးတော့ တရားဥပဒေ စိုးမိုးရေး ရှိကြဖို့ တိုက်တွန်းလိုက်ပါတယ်။

သမ္မတဟောင်း ဟိုစနီမူဘာရက် လက်အောက်မှာ အမှုထမ်းခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ Kamal el-Ganzouri ကို စစ်တပ်က ဝန်ကြီးချုပ်သစ်အဖြစ် ခန့်ထားတာကို ဆန္ဒပြသူတွေ အများစုက မကျေနပ်ကြတာ ဖြစ်ပါတယ်။ တနင်္လာနေ့မှာကျင်းပမယ့် ပါလီမန်ရွေးကောက်ပွဲ မပြီးခင် အစိုးရ မဖွဲ့နိုင်သေးတဲ့အကြောင်း Kamal el-Ganzouri က ပြောကြားသွားပါတယ်။

XS
SM
MD
LG