သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ဆန္ဒပြပွဲ ရဲနဲ့ ပဋိပက္ခဖြစ်


အီဂျစ်ဆန္ဒပြပွဲ ရဲနဲ့ ပဋိပက္ခဖြစ်

အီဂျစ်နိုင်ငံမှာ ဒုတိယမြောက်နေ့အဖြစ် မနေ့က ဆန္ဒပြခဲ့ကြတဲ့ အစိုးရ ဆန့်ကျင်သူတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေ ထပ်ဖြစ်ခဲ့ပါတယ်။

ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်မှုတွေ၊ မျက်ရည်ယို ဗုံးတွေနဲ့ နံပါတ်တုတ်တွေကို အသုံးပြုပြီး ဆန္ဒပြသူတွေကို ဖြိုခွဲခဲ့ပါတယ်။ မြို့တော် ကိုင်ရိုမြို့က နေရာတော်တော်များများမှာ ညပိုင်းကျော်လာတဲ့အထိ ဆန္ဒပြမှုတွေက ဆက်ဖြစ်နေခဲ့တာပါ။

တိုင်းပြည်ကို နှစ်ပေါင်း ၃၀ ကြာ အုပ်ချုပ်လာတဲ့ သမ္မတ ဟို့စ်နီ မူဘာရက် (Hosni Mubarak) ကို အာဏာကနေ ဆင်းပေးဖို့ တောင်းဆို ဆန္ဒပြနေကြတာပါ။

လုံခြုံရေးတွေကို ဆန္ဒပြသူတွေက ခဲတွေနဲ့ပေါက်၊ ကားတာယာတွေကို မီးရှို့နေတာတွေကို ရုပ်မြင်သံကြားက ထုတ်လွှင့် ပြသခဲ့ပါတယ်။

ချီတက်လာနေတဲ့ ဆန္ဒပြ လူအုပ်ကြီးကို နောက်ပြန်ဆုတ်အောင် ရဲတွေက မီးသတ်ပိုက်တွေ၊ သံချပ်ကာ ကားတွေကို သုံးခဲ့ကြပါတယ်။ ဒိုင်းတွေကာထားတဲ့ ရဲတွေက ဆန္ဒပြသူတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နေတဲ့ပုံတွေ၊ ဆန္ဒပြသူတွေကို တရွတ်တိုက် ဆွဲသွားတဲ့ ပုံတွေကိုလည်း ဗွီဒီယိုတွေမှာ မြင်ရပါတယ်။

အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ အကြီးအကျယ် ဆန္ဒပြကြတဲ့ သူတွေထဲက အနည်းဆုံး လူ ၇၀၀ လောက် ဖမ်းဆီးထားတယ်လို့ အစိုးရက ပြောပါတယ်။ ၂ ရက်ကြာ ဆန္ဒပြမှုမှာ လူ ၄ ဦး သေဆုံးသွားပါပြီ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကတော့ ဆန္ဒပြသူတွေကို ချေမှုန်း နှိမ်နင်းမယ့်အစား ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုတွေကို ခွင့်ပြုဖို့ အီဂျစ်အစိုးရကို တိုက်တွန်းထားပါတယ်။ အခြေအနေကို ပြန်ပြီး တည်ငြိမ်အောင် ထိန်းသိမ်းဖို့ အီဂျစ်အစိုးရကို တိုက်တွန်းထားပါတယ်။

XS
SM
MD
LG