သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူတွေအပေါ် အီဂျစ်စစ်တပ် အင်အားသုံးမည်မဟုတ်


ဆန္ဒပြသူတွေအပေါ် အီဂျစ်စစ်တပ် အင်အားသုံးမည်မဟုတ်
ဆန္ဒပြသူတွေအပေါ် အီဂျစ်စစ်တပ် အင်အားသုံးမည်မဟုတ်

အီဂျစ်နိုင်ငံက လူထုဆန္ဒပြမှုတွေကို အင်အားသုံး နှိမ်နင်းမှာ မဟုတ်ဘဲ အီဂျစ် ပြည်သူလူထုကို ကိုယ်စားပြုတဲ့ တောင်းဆိုချက်တွေကိုလည်း အသိအမှတ် ပြုပါတယ်လို့ အီဂျစ် စစ်တပ်က တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

ကိုင်ရိုမြို့ရဲ့ တဟီရီရင်ပြင်မှာ အစိုးရရဲ့ အပြင်မထွက်ရ အမိန့်ကို အာခံပြီး ၄ ရက်မြောက်ည ဆန္ဒပြမှုတွေ လုပ်နေတဲ့ အချိန်မှာပဲ စစ်တပ်က အခုလို အင်အားမသုံးပါဘူး၊ လူထုရဲ့ တောင်းဆိုချက်ကိုလည်း အသိအမှတ်ပြုပါတယ် ဆိုပြီးတော့ ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။

နှစ် ၃၀ နီးပါးကြာတဲ့ သမ္မတ ဟို့စ်နီ မူဘာရက် (Hosni Mubarak) ရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ဖို့အတွက် ဆန္ဒပြနေသူတွေက ဖိအားပေး တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ အဲဒီနောက် အသစ်ခန့်လိုက်တဲ့ အီဂျစ် ဒုတိယ သမ္မတရဲ့ ကြေညာချက်လည်း ထွက်လာပါတယ်။

အီဂျစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံနဲ့ ဥပဒေ ပြုပြင်ပြောင်းလဲရေးတွေ အတွက် နိုင်ငံရေး အင်အားစု အားလုံးနဲ့ အလျှင်အမြန် ဆွေးနွေးမှုတွေ စတင် အဖြေရှာဖို့အတွက် သမ္မတ မူဘာရက်က မှာကြား တိုက်တွန်းထားတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဘယ်လို အပြောင်းအလဲတွေ လုပ်မယ်၊ အစိုးရအနေနဲ့ ဘယ်အုပ်စုတွေနဲ့ ဆက်သွယ်ပြီး ဆွေးနွေးမယ် ဆိုတာကိုတော့ မစ္စတာ အိုမာ ဆူလေမန် (Omar Suleiman) က အသေးစိတ် ပြောမသွားပါဘူး။

စစ်တပ်ရဲ့ ကြေညာချက်ထဲမှာလည်း လူထုရဲ့ တောင်းဆိုချက်ကို လေးစား အသိအမှတ်ပြုတယ် ဆိုတဲ့နေရာမှာ သမ္မတ မူဘာရက်ကို ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုကြတာကို ဆိုလိုသလား၊ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ တောင်းဆိုချက်ကို ဆိုလိုသလား ဆိုတာ ရှင်းရှင်းလင်းလင်း မဖော်ပြပါဘူး။

အီဂျစ်နိုင်ငံ သတင်းတွေမှာတော့ အီဂျစ်အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီး အသစ်တွေကို ခန့်အပ်တယ်ဆိုတာ ကြေညာပါတယ်။ ဒါတွေဟာ ဒေါသဖြစ်နေတဲ့ ဆန္ဒပြနေတွေကို အတန်ငယ် စိတ်ပြေလာအောင် လုပ်ဆောင်တဲ့သဘော ဖြစ်နေပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေး ဝန်ကြီးတွေကတော့ အရင်အတိုင်းပဲ ဆက်ခန့်ထားပါတယ်။

XS
SM
MD
LG