သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် ဒု-သမ္မတ အတိုက်အခံနဲ့ စတင်ဆွေးနွေး

အီဂျစ် ဒုတိယသမ္မတ အိုမာ ဆူလီမန်နှင့် အတိုက်အခံအုပ်စုများ ဆွေးနွေးနေစဉ်။ ဖေဖော်ဝါရီ ၆၊ ၂၀၁၁။
အီဂျစ် ဒုတိယသမ္မတ အိုမာ ဆူလီမန်နှင့် အတိုက်အခံအုပ်စုများ ဆွေးနွေးနေစဉ်။ ဖေဖော်ဝါရီ ၆၊ ၂၀၁၁။

အီဂျစ် ဒုတိယသမ္မတနဲ့ အတိုက်အခံ အုပ်စုတွေကြားမှာ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကို သုံးသပ်ဖို့အတွက် အဖွဲ့တရပ်ဖွဲ့ဖို့ သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင်၊ အရေးပေါ် ဥပဒေတွေကို ရုပ်သိမ်းပြီး မီဒီယာ လွတ်လပ်ခွင့်တွေကိုလည်း ပေးဖို့ သဘောတူခဲ့ကြတယ်လို့ Jerusalem Post အပါအဝင် အရှေ့အလယ်ပိုင်းကလာတဲ့ သတင်းတွေမှာ ဆိုပါတယ်။

အီဂျစ်နိုင်ငံရဲ့ ဒုတိယသမ္မတ အိုမာ ဆူလီမန် (Omar Suleiman) ဟာ အီဂျစ်မှာ အကြီးမားဆုံး အတိုက်အခံအုပ်စု Muslim Brotherhood အပြင် တခြား အတိုက်အခံ အုပ်စုတွေနဲ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံပြီး ၂ ပတ်ကြာ လူထုအုံကြွမှုကြီးကို ဖြေရှင်းဖို့ ကြိုးစားခဲ့ကြတာပါ။ တနိုင်ငံလုံး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရင်လ စခဲ့ကတည်းက ဆိုရင် ဒါဟာ ပထမဆုံး တွေ့ဆုံဆွေးနွေးတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ တက်ရောက်သူတွေထဲမှာ မိုဟာမက် အယ်လ်ဘာရာဒီ (Mohamed ElBaradei) အပြင် အတိုက်အခံ ပါတီတွေက ကိုယ်စားလှယ်တွေ၊ သီးခြား လွတ်လပ်တဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ စီးပွားရေးသမားကြီး နားဂွစ်ဘ် ဆာဝီရစ်စ် (Naguib Sawiris) ပါဝင်တယ်လို့ ရိုက်တာ သတင်းဌာနက ဆိုပါတယ်။

နှစ် ၃၀ ကြာ အာဏာယူထားတဲ့ သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) ထွက်သွားရေး တောင်းဆိုချက်ကို ဆက်လက် စွဲကိုင်သွားမယ်လို့ မူဆလင် ညီအကိုတော်များအဖွဲ့က အကြီးတန်းခေါင်းဆောင် မိုဟာမက် မာစီ (Mohammed Mursi) က AP သတင်းဌာနကို ပြောခဲ့ပါတယ်။

ဒီဆွေးနွေးပွဲဟာ အီဂျစ်အစိုးရနဲ့ မတရားသင်း ကြေညာခံထားရတဲ့ မူဆလင် ညီအကိုတော်များ အဖွဲ့ကြား နှစ်ပေါင်းများစွာ အတွင်းမှာ ပထမဆုံး ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ဝင်တွေက အီဂျစ်နိုင်ငံက ဆင်းရဲသားတွအတွက် လူမှုဝန်ဆောင်မှုတွေ ပေးနေပြီး လွှတ်တော်ထဲမှာ တသီးပုဂ္ဂလ အမတ်တွေ အဖြစ်လည်း တင်မြှောက်ခံထားရပါတယ်။

အစိုးရ ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာဟာ ကိုင်ရိုမြို့က တဟီရာ (Tahrir) ရင်ပြင်ကို ၁၃ ရက်မြောက် ဆက်လက် သိမ်းပိုက်ထားကြပါတယ်။ အစိုးရက နေရာက ထွက်သွားပြီး အလုပ်ပြန်တက်ကြဖို့ ပြောတာကို အာခံပြီး မစ္စတာ မူဘာရက်ခ် နှုတ်ထွက်သွားတဲ့အထိ သိမ်းပိုက်ထားမယ်လို့ သူတို့က ဆိုပါတယ်။

အပေါ်ယံကျတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေလောက် လုပ်ပြီး လှုပ်ရှားမှု တဖြည်းဖြည်း အားနည်းသွားအောင် အစိုးရက ကြိုးစားမှာကိုလည်း စိုးရိမ်မိကြကြောင်း ဆန္ဒပြသူ တော်တော်များများက ပြောပါတယ်။

မစ္စတာ မူဘာရက်ခ်ကတော့ စက်တင်ဘာလ သမ္မတ ရွေးကောက်ပွဲပြီးရင် သူ ဆင်းပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ဆန္ဒပြသူတွေကို အလေးထားတဲ့ အနေနဲ့ မစ္စတာ မူဘာရက်ခ်ရဲ့သား ဂါမယ်လ် (Gamal) အပါအဝင် အာဏာရ အမျိုးသား ဒီမိုကရက်တစ်ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေက သူတို့တာဝန်တွေကနေ နှုတ်ထွက်ပေးခဲ့ကြပါတယ်။

ဒါပေမဲ့ မူဘာရက်ခ်ကတော့ ပါတီအကြီးအကဲ ဖြစ်မြဲ ဖြစ်နေပါသေးတယ်။ ပြုပြင်ပြောင်းလဲရေးသမားလို့ အသိများတဲ့ ဟော့ဆမ် ဘာဒရာဝီ (Hossam Badrawi) ကို အတွင်းရေးမှူးချုပ်အဖြစ် ပါတီက နာမည် အဆိုတင်သွင်းလိုက်ပါတယ်။

This item is part of
XS
SM
MD
LG