သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်နိုင်ငံမှာ ၁၄ ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြ


အီဂျစ်နိုင်ငံမှာ ၁၄ ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြ
အီဂျစ်နိုင်ငံမှာ ၁၄ ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြ

အီဂျစ်နိုင်ငံမှာ အစိုးရက နိုင်ငံရေးအရ အလျှော့ပေး ကမ်းလှမ်းမှုသစ်တွေ လုပ်ထားပေမဲ့လည်း သမ္မတ ဆင်းပေးဖို့ တောင်းဆို ဆန္ဒပြနေကြသူ ထောင်နဲ့ချီဟာ ကိုင်ရိုမြို့တော် တဟ်ရီရာ လွတ်မြောက်ရေးရင်ပြင်မှာ ၁၄ ရက်မြောက်နေ့အဖြစ် ဒီနေ့ဆက်ပြီး ဆန္ဒပြနေကြပါတယ်။

ရင်ပြင်မှာပဲ ညလုံးပေါက် စတည်းချ ဆန္ဒပြနေကြသူတွေက နိုင်ငံကို နှစ်ပေါင်း ၃၀ ကြာ အုပ်ချုပ်လာတဲ့ သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) မဆင်းမချင်း ဆန္ဒပြသွားမယ်လို့ သန္နိဋ္ဌာန် ချထားကြပါတယ်။

ဒီနေ့ အခြေအနေကတော့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ရှိပါတယ်။ ဘဏ်တွေလည်း အချိန်အကန့်အသတ်နဲ့ ဖွင့်ပါတယ်။ ဇန်နဝါရီလ ၂၅ ရက်နေ့ထဲကစပြီး အဓိက မြို့ကြီးတွေမှာ လူပေါင်း သိန်းနဲ့ချီ လမ်းပေါ်ထွက် အစိုးရဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေနဲ့ ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေကြောင့် ၃၀၀ ကျော် သေဆုံးတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို ထောက်ခံတဲ့ အီဂျစ်အစိုးရ ဆန့်ကျင်ရေး အဖွဲ့တွေက သမ္မတ အမြန်ဆုံး ဆင်းပေးဖို့ သူတို့ရဲ့ အဓိက တောင်းဆိုချက်ကို အစိုးရက မလိုက်လျောဘူးလို့ ပြောပါတယ်။

Muslim Brotherhood ညီအကိုတော်များအဖွဲ့ အပါအဝင် အစိုးရ ဆန့်ကျင်တဲ့ အဖွဲ့တွေနဲ့ ဒုတိယသမ္မတ အိုမာ ဆူလေမန် (Omar Suleiman) တို့ကြား တနင်္ဂနွေနေ့က ဆွေးနွေးပွဲမှာ အစိုးရဘက်က အပေးအယူ လုပ်မှုတွေဟာ မလုံလောက်ပေမဲ့ ဆွေးနွေးပွဲတွေရဲ့ ပထမခြေလှမ်း အဖြစ်တော့ ပြောလို့ရတယ်လို့ အတိုက်အခံ အဖွဲ့တွေက ပြောပါတယ်။

နောက်ထပ်တကြိမ် အစိုးရနဲ့ အတိုက်အခံ ကိုယ်စားပြုသူတွေ ဘယ်တော့ ဆွေးနွေးကြမလဲ ဆိုတာတော့ မသေချာသေးပါဘူး။

အီဂျစ်နိုင်ငံ ရွေးကောက်ပွဲတွေမှာ သမ္မတလောင်းတွေ ပိုပြီး ပါဝင်အရွေးခံနိုင်အောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး ပြန်လှန်သုံးသပ်ကြဖို့အတွက် တရားစီရင်ရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ ပါဝင်တဲ့ ကော်မတီတရပ် ဖွဲ့စည်းမယ် ဆိုတာကို ဒု-သမ္မတ ဆူလေမန်က သဘောတူခဲ့တယ်လို့ အီဂျစ်အစိုးရက ပြောပါတယ်။ ကော်မတီအနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြန်လည် သုံးသပ်မှုကို မတ်လ ပထမသီတင်းပတ် မတိုင်ခင် အပြီးလုပ်ဖို့ လိုတယ်လို့လည်း အစိုးရက ပြောပါတယ်။

XS
SM
MD
LG