သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေး ကမ်းလှမ်းပေမဲ့ အီဂျစ် ဆန္ဒပြမှု အားကောင်းဆဲ


ပြုပြင်ပြောင်းလဲရေး ကမ်းလှမ်းပေမဲ့ အီဂျစ် ဆန္ဒပြမှု အားကောင်းဆဲ
ပြုပြင်ပြောင်းလဲရေး ကမ်းလှမ်းပေမဲ့ အီဂျစ် ဆန္ဒပြမှု အားကောင်းဆဲ

အီဂျစ်သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) က ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ကော်မတီတွေကို ဖွဲ့စည်းမယ်လို့ ဆုံးဖြတ်လိုက်ပေမဲ့လည်း အီဂျစ်မြို့တော် ကိုင်ရိုက တဟီရီ ရင်ပြင်မှာတော့ သမ္မတ မူဘာရက်ခ် ချက်ချင်း ရာထူးက နှုတ်ထွက်ဖို့ တောင်းဆို ဆန္ဒပြနေသူတွေကတော့ ထောင်နဲ့ သောင်းနဲ့ ချီပြီး အင်အားကောင်းကောင်းနဲ့ မနေ့က ရှိနေခဲ့ပါတယ်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမဲ့လည်း ဆန္ဒပြလာကြတာ ၁၅ ရက် ရှိလာပါပြီ။

သမ္မတ မူဘာရက်ခ်က နောက်တကြိမ် သမ္မတ ရွေးကောက်ပွဲမှာ သူ ထပ်ပြီး အရွေးမခံတော့ဘူးလို့ ကြေညာထားပါတယ်။ နောက်တကြိမ် ရွေးကောက်ပွဲက စက်တင်ဘာလကျရင် ကျင်းပမှာပါ။

သမ္မတ မူဘာရက်ခ်ရဲ့ သဘောထား ကြေညာချက်တွေ ရှိနေပေမဲ့လည်း လူထု ဆန္ဒပြမှုတွေကတော့ လျော့မသွားဘဲ ကြီးကြီးမားမား ဆက်ပြီး ရှိနေတာပါ။

မနေ့က ဆန္ဒပြပွဲမှာ အဖမ်းခံထားရာက တနင်္လာနေ့က ပြန်လွတ်လာခဲ့တဲ့ အမေရိကန် ဆော့ဖ်ဝဲကုမ္ပဏီ Google မှာ အလုပ်လုပ်နေတဲ့ ဝဲလ် ဂွန်နင်လည်း ပါပါတယ်။ သူ့ကို အားပေးနှုတ်ဆက်တာတွေ၊ ဂုဏ်ပြု ချီးမွမ်းတာတွေ အများအပြား ရှိခဲ့ပါတယ်။

အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို မူကြမ်းရေးဆွဲရေး ကော်မတီနဲ့ ဒီကိစ္စတွေကို အကောင်အထည်ဖော်မှုကို လေ့လာစောင့်ကြည့်ရေး ကော်မတီတွေ ဖွဲ့စည်းဖို့ သမ္မတ မူဘာရက်ခ်က ပြောထားတဲ့အကြောင်း မနေ့တုန်းက ဒု-သမ္မတက ပြောပါတယ်။

ပြီးခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း သေဆုံး ဒဏ်ရာရမှုတွေအတွက် စုံစမ်းစစ်ဆေးဖို့ ကော်မတီတရပ်ကိုလည်း သမ္မတ မူဘာရက်ခ်က ဖွဲ့စည်းထားတယ်လို့ ဒု-သမ္မတက ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်အတွင်း ဆန္ဒပြမှုတွေမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားတွေနဲ့ အစိုးရ ထောက်ခံသူတွေအကြား အပြင်းအထန် တိုက်ခိုက်မှုတွေ ရှိခဲ့တာပါ။

အခုချိန်ထိတော့ သမ္မတက ဖွဲ့စည်းတဲ့ ကော်မတီတွေမှာ ဘယ်သူတွေ ပါလိမ့်မလဲ ဆိုတာနဲ့ ပါမယ့်သူတွေကို ဘယ်လိုရွေးချယ်မလဲ ဆိုတာ ဘာမှ မသိရသေးပါဘူး။

XS
SM
MD
LG