အီဂျစ်နိုင်ငံမှာ သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) ပြုတ်ကျသွားပြီးတဲ့နောက် လစာငွေ ပိုရရှိဖို့ တောင်းဆိုကြတဲ့ အစိုးရ အလုပ်သမားတွေကို အီဂျစ်ရဲ့ စစ်ကောင်စီသစ်က ဝေဖန် ပြစ်တင်လိုက်ပါတယ်။
အီဂျစ်နိုင်ငံမှာ ပုံမှန်အခြေအနေတွေ ပြန်ရောက်လာဖို့ မတည်မငြိမ် လုပ်တာတွေကို အဆုံးသတ်ကြဖို့ စစ်ကောင်စီသစ်က အစိုးရ ရုပ်မြင်သံကြားကနေ ကြေညာ တိုက်တွန်းလိုက်ပါတယ်။ ဒါကို စစ်တပ် ပြောခွင့်ရသူက ဖတ်ပြပါတယ်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ထောင်နဲ့ချီတဲ့ အစိုးရ အလုပ်သမား ၀န်ထမ်းတွေ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
ဆန္ဒပြသူ ရာပေါင်းများစွာဟာ တဟီရာ ရင်ပြင်ကို တနင်္လာနေ့က စုရုံး ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ အပတ်တုန်းက သမ္မတ မူဘာရက်ခ်ကို ပြုတ်ကျစေခဲ့တဲ့ ဆန္ဒပြပွဲလောက် အရေအတွက် မများကြပါဘူး။
အစိုးရ အလုပ်အကိုင်တွေမှာ ရှိကြတဲ့ အစိုးရ ၀န်ထမ်းတွေ၊ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲကို အချို့နေရာတွေမှာ အီဂျစ် ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင် ပူးပေါင်းခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ လစာငွေ ပိုပေးဖို့နဲ့ သူတို့ရဲ့ မကျေနပ်ချက်တွေကို တိုင်တည်ကြပါတယ်။
ဘဏ်အလုပ်သမား ၀န်ထမ်းတွေ ဆန္ဒပြကြတာကြောင့်လည်း တနင်္လာနေ့မှာ ဘဏ်တွေကို အားလပ်ရက်အဖြစ် ပိတ်လိုက်ရတဲ့ အခြေအနေ ရောက်သွားခဲ့ပါတယ်။