အီဂျစ်နိုင်ငံမြောက်ပိုင်း Port Said မြို့က ဘောလုံးပွဲမှာ ဗုဒ္ဓဟူးနေ့က အဓိကရုဏ်း ဖြစ်ပွားရာမှာ လူပေါင်း ၇၃ ယောက်ထက်မနည်း သေဆုံးပြီး နောက်ထပ် လူရာပေါင်းများစွာ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတဲ့ အကြောင်း ကျန်းမာရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
အီဂျစ်နိုင်ငံ ထိပ်တန်းအသင်းဖြစ်တဲ့ al-Ahly ကို ရှားရှားပါးပါး အနိုင်ရလိုက်တဲ့နောက် အိမ်ရှင် al-Masry အသင်းရဲ့ ပရိတ်သတ်တွေ ကွင်းထဲကို ၀င်လာခဲ့ကြပြီးနောက် ပြိုင်ဘက်အသင်းရဲ့ ဘောလုံးသမားတွေကို ခဲတွေ၊ မီးရှုး မီးပန်းတွေ၊ ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ရာက ပဋိပက္ခဖြစ်ပွားပြီး လူတွေ စုပြုံ တိုးဝှေ့ ထွက်ပြေး ခဲ့ကြတာပါ။
ရုပ်မြင်သံကြား တိုက်ရိုက် ပြသမှုတွေမှာတော့ ကွင်းထဲမှာရှိတဲ့ ပြိုင်ဘက် al-Ahly အသင်း ကစားသမားတွေ နောက်ကို ပရိတ်သတ်တွေ ၀ိုင်းလိုက်နေတာတွေနဲ့ အားကစား ကွင်းထဲမှာ မီးလောင်နေတာတွေကိုလည်း တွေ့ရပါတယ်။ လုံထိန်းရဲတပ်ဖွဲ့ဝင် တချို့က ဘောလုံးသမားတွေကို ကာကွယ်ဖို့ ကြိုးစားခဲ့ပေမဲ့လည်း များပြားလှတဲ့ ပရိတ်သတ်တွေက သူတို့ကို ထိုးကြိတ် ကန်ကျောက်ပြီး ကျော်လွှားသွားခဲ့ကြတာပါ။
ဧည့်သည်အသင်းနဲ့ ပရိတ်သတ်တွေကို ဘောလုံးကွင်းကနေ သယ်ထုတ်ဖို့ အာဏာရ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်ကြီး Mohamed Tantawi က မြေထဲပင်လယ် ကမ်းရိုးတန်းမြို့ကို ရဟတ်ယာဉ် ၂ စင်း အမိန့်ပေး စေလွှတ်ခဲ့ကြောင်းလည်း ရိုက်တာ သတင်းက ဖော်ပြခဲ့တာပါ။ ဒဏ်ရာရသူတွေကို ရဟတ်ယာဉ်နဲ့ သယ်ပြီး စစ်ဆေးရုံကို ပို့မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဖြစ်အပျက်နဲ့ ပတ်သက်လို့ ချက်ခြင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ပြည်နယ်တရားလို ရှေ့နေက ညွှန်ကြားလိုက်သလို၊ ဘောလုံး အဖွဲ့ချုပ်ကလည်း နှစ်စဉ်ချန်ပီယံ ဘောလုံးပွဲတွေကို အကန့်အသတ်မရှိ ဆိုင်းငံ့ဖို့ တောင်းဆိုလိုက်တာပါ။ လွှတ်တော်အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူဖို့လည်း စီစဉ် ထားပါတယ်။