ကမ္ဘာ့ခေါင်းဆောင်တွေက အီဂျစ်နိုင်ငံ အရေးကို အနီးကပ် စောင့်ကြည့်နေကြတဲ့ အချိန်မှာ အမေရိကန် သမ္မတ အိမ်ဖြူတော်ကလည်း အီဂျစ်နိုင်ငံအတွက် အကျိုးရှိမယ့် အပြောင်းအလဲ တခုကို တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ အီဂျစ်သမ္မတ ရာထူးကနေ နှုတ်ထွက်ပေးရမယ် ဆိုတဲ့ စကားမျိုးတော့ မပြောခဲ့ဘူးလို့ ဆိုပါတယ်။
အမေရိကန် ပြည်ထောင်စုဟာ အီဂျစ်နိုင်ငံမှာ နည်းလမ်းတကျ ပြုပြင်ပြောင်းလဲမှုတခု ဖြစ်ဖို့ ထောက်ခံပါတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က တနင်္လာနေ့က ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဒီအပြောင်းအလဲ ဖြစ်ဖို့ သမ္မတ ဟို့စ်နီ မူဘာရက် (Hosni Mubarak) ကို ရာထူးက ဖယ်ရှားပေးဖို့ လိုအပ်မယ်၊ မလိုအပ်ဘူး ဆိုတာကိုတော့ ပြောဆိုဖို့ သူက ငြင်းဆိုပါတယ်။
အမေရိကန် ပြည်ထောင်စု အနေနဲ့ အီဂျစ်မှာရှိတဲ့ အုပ်စုအားလုံးကြားမှာ အဓိပ္ပာယ်ပြည့်ဝတဲ့ စေ့စပ် ညှိနှိုင်းမှုမျိုးကို တွေ့မြင်လိုပြီး အိုဘားမား အုပ်ချုပ်ရေး အဖွဲ့ကလည်း လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲကို တွေ့မြင်ချင်ပါတယ်လို့ ဆိုပါတယ်။
ပြည်သူတွေရဲ့ တောင်းဆိုချက်ကို တုံ့ပြန်ဖို့နဲ့ အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ကိုလည်း အီဂျစ်နိုင်ငံကို ဥရောပသမဂ္ဂ ထိပ်တန်း သံတမန်တဦးက တနင်္လာနေ့ အစောပိုင်းက တောင်းဆိုခဲ့ပါတယ်။
နောက်ထပ် သီတင်းတပတ်ကြာလောက် ဆက်ပြီး ဖြစ်ပွားဖို့ရှိတဲ့ အီဂျစ်နိုင်ငံရဲ့ လူထုအုံကြွမှုကနေ ထွက်ပြေးဖို့အတွက် ထောင်ပေါင်းများစွာရှိတဲ့ ထွက်ပြေးသူတွေဟာ တနင်္လာနေ့မှာ အီဂျစ်နိုင်ငံထဲက စပြီး ထွက်ခွာနေကြပြီ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုကလည်း အစိုးရအဖွဲ့ ၉ ခုရဲ့ စင်းလုံး လေယာဉ်ပျံတွေနဲ့ အမေရိကန် နိုင်ငံသား ၁,၂၀၀ ကျော်ကို အီဂျစ်ကနေ၊ တူရကီ၊ ဆိုက်ပရပ်စ်၊ ဂရိစ်တို့ကို ၂၄ နာရီပတ်လုံး ပို့ဆောင် ကယ်တင်ပေးနေတယ်လို့ ဆိုပါတယ်။ နောက်နေ့တွေမှာလည်း နောက်ထပ် လူပေါင်း ၁,၄၀၀ ကျော်ကို ကယ်ဆယ်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကိုင်ရိုအပြင် တခြားမြို့တွေဖြစ်တဲ့ အလက်ဇန္ဒြီးယား၊ လက်ဇာနဲ့ အော့စ်ဝန်ကနေ အမေရိကန် နိုင်ငံသားတွေကို ကယ်ဆယ်ဖို့ လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်ဖို့ စီစဉ်နေပြီလို့ ဆိုပါတယ်။
အီဂျစ်နိုင်ငံမှာ အမေရိကန်နိုင်ငံသား ၅၀,၀၀၀ ကျော်ရှိတယ်လို့ ကိုင်ရိုက အမေရိကန်သံရုံးမှာ စာရင်းပေးထားတဲ့အနက် ၂,၆၀၀ ကျော်လောက်က ကယ်ဆယ်ရေး အစီအစဉ်တွေကို တောင်းခံထားပြီလို့ ဆိုပါတယ်။