သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆလင် ညီအစ်ကိုတော်များအဖွဲ့ ဖျက်သိမ်းဖို့ အီဂျစ်တရားရုံး အကြံပေး


အီဂျစ်နိုင်ငံမှာ အကြီးဆုံး နိုင်ငံရေး အဖွဲ့အစည်းတခုဖြစ်တဲ့ မူဆလင် ညီအကိုတော်များအဖွဲ့ကို ဖျက်သိမ်းပြီး၊ အဖွဲ့ရဲ့ ဌာနချုပ်ကို ပိတ်ပစ်လိုက်ဖို့ တနင်္လာနေ့မှာပဲ တရားသူကြီးတွေက အကြံပြုလိုက်ပါတယ်။

မူဆလင် ညီအကိုတော်များအဖွဲ့ဟာ ဥပဒေပြင်ပက လုပ်ရပ်တွေ ရှိနေတဲ့အကြောင်း တရားသူကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့က အီဂျစ်တရားရုံးတော်ကို တင်ပြခဲ့တာ ဖြစ်ပေမဲ့ အကြံပြုချက်ဟာ မလိုက်နာမဖြစ် လိုက်နာရမယ့် ညွှန်ကြားချက်မျိုးတော့ မဟုတ်ပါဘူး။

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုအဖြစ် တရားဝင် မှတ်ပုံတင်ထားတာကို ဖျက်သိမ်းမယ့် အစီအစဉ်ဟာ ဆိုရင်တော့ အစ္စလာမ်ဝါဒီ မူဆလင်ညီအကိုတော်များ အဖွဲ့အတွက် ဇူလိုင်လထဲ သမ္မတဟောင်း မိုဟာမက် မော်စီ (Mohamed Morsi) ကို ဖယ်ရှားပြီးနောက် စစ်တပ်က ဖွဲ့စည်းပေးထားတဲ့ ယာယီအစိုးရရဲ့ နောက်ဆုံး စိန်ခေါ်ချက် တခုလည်း ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာတုန်းကတော့ ဖမ်းဆီးခံ သမ္မတဟောင်း မော်စီနဲ့အတူ နောက်ထပ် လူ ၁၄ ဦးကို လူသတ်မှုနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် လှုံ့ဆော်မှု စွပ်စွဲချက်တွေနဲ့ တရားရုံးထုတ်မှာ ဖြစ်တဲ့အကြောင်း အစိုးရပိုင် သတင်းဌာနက ကြေညာခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲတုန်းက လူ ၇ ဦး သေဆုံးခဲ့ရတဲ့ သမ္မတနန်းတော် ပြင်ပက သမ္မတဟောင်း မော်စီကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး အရေးယူဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG