သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ကြီးဟောင်း Sissi ရွေးကောက်ပွဲ မဲဆွယ်မိန့်ခွန်း


စစ်တပ်အကြီးအကဲဟောင်း Abdel-Fattah el-Sissi
စစ်တပ်အကြီးအကဲဟောင်း Abdel-Fattah el-Sissi
အီဂျစ်နိုင်ငံမှာ ဒီလကုန်ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ သူသာအနိုင်ရခဲ့ရင် အစ္စလာမ် မူဆလင် ညီအကိုအဖွဲ့အတွက် အီဂျစ်မှာ နေရာရှိတော့မှာ မဟုတ်ဘူးလို့ အရင် စစ်တပ်အကြီးအကဲဟောင်း Abdel-Fattah el-Sissi က ပြောကြားလိုက်ပါတယ်။

ဖြုတ်ချခံခဲ့ရတဲ့ သမ္မတဟောင်း မိုဟာမက် မော်စီနဲ့အတူ မူဆလင်ညီအကိုအဖွဲ့တို့ ဇာတ်သိမ်းပြီလို့ Sissi က သမ္မတရွေးကောက်ပွဲ မဲဆွယ်တာနဲ့ ပတ်သက်ပြီး ပထမဆုံးထုတ်လွှင့်တဲ့ ရုပ်သံမေးမြန်းခန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“မူဆလင်ညီအကိုအဖွဲ့ရဲ့ အုပ်ချုပ်မှု နိဂုံးချုပ်အောင်လုပ်တာ ကျွန်တော်မဟုတ်ပါဘူး။ အီဂျစ်နိုင်ငံသားတွေပါ” - လို့ အာရေဗျဘာသာနဲ့ ပြောသွားတာပါ။

ပြဿနာကလည်း အီဂျစ်နိုင်ငံသားတွေနဲ့ပဲ ဖြစ်တာမို့ ညီအကိုအဖွဲ့ ၂ ခါပြန် အုပ်ချုပ်ဖို့ မဖြစ်နိုင်သလို မနှစ်က ဇွန်လကုန်မှာ ညီအကိုအဖွဲ့ကို အီဂျစ်နိုင်ငံသားတွေက အလိုမရှိကြောင်း ဆန္ဒပြခဲ့တယ်လို့လည်း ပြောပါတယ်။

ပုဂ္ဂလိကရုပ်သံ ၂ ခုမှာ တပြိုင်နက်တည်း ထုတ်လွှင့်တဲ့ အင်တာဗျူးမှာ ညီအကိုတော်များအဖွဲ့နဲ့ နိုင်ငံရေးအရ သင့်မြတ်မှု လုပ်မယ့်ကိစ္စကို ရှင်းရှင်းလင်းလင်း ပယ်ချခဲ့ပါတယ်။

၂၀၁၁ ခုနှစ်တုန်းက အာဏာရှင် Hosni Mubarak ပြုတ်ကျသွားစေတဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ လှုပ်ရှားမှုမှာ အဓိက ပါဝင်ခဲ့တဲ့ ညီအကိုအဖွဲ့ကို စစ်တပ် ဖွဲ့စည်းပေးခဲ့တဲ့ အာဏာပိုင်တွေက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Sissi က သူ့ကို လုပ်ကြံတာ ၂ ကြိမ်ခံခဲ့ရပေမဲ့ ဂရုမစိုက်ခဲ့ဘူးလို့လည်း ရုပ်သံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။ မစ္စတာ မော်စီ မတိုင်ခင်အထိ အီဂျစ်နိုင်ငံမှာ အုပ်ချုပ်ခဲ့တဲ့ သမ္မတတွေဟာ စစ်တပ်က လာသူတွေပဲ ဖြစ်ပါတယ်။ အခု Sissi ကတော့ စစ်တပ်က အနားယူခဲ့ပြီး မတ်လထဲမှာ သမ္မတအဖြစ် ဝင်ရောက်အရွေးခံမှာဖြစ်ပြီး အီဂျစ်မှာ စစ်တပ်အုပ်ချုပ်မှု ဘယ်တော့မှရှိတော့မှာ မဟုတ်ဘူးလို့လည်း ပြောကြား ခဲ့ပါတယ်။
XS
SM
MD
LG