အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ Tahrir ရင်ပြင်မှာ သမ္မတ မော်စီကို ဆန့်ကျင်သူအဖွဲ့တွေက သမ္မတ ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာကြောင့် သမ္မတမော်စီက နိုင်ငံရဲ့ ထိပ်တန်း စစ်ဘက်ခေါင်းဆောင်နဲ့ တွေ့ဆုံစကားပြောနေပါတယ်။
အဲ့ဒီ အင်္ဂါနေ့ အစည်းအဝေး ဓာတ်ပုံကို အီဂျစ်သမ္မတရဲ့ twitter စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အီဂျစ်စစ်တပ်က သမ္မတနဲ့ အတိုက်အခံတွေကြား တွေ့ဆုံညှိနှိုင်းမှု မလုပ်နိုင်ရင် ကိုယ်ပိုင် လမ်းပြမြေပုံကို ထုတ်သုံးမယ်လို့ ပြောဆိုမှုနဲ့အတူ သမ္မတမော်စီကို ဗုဒ္ဓဟူးနေ့ နောက်ဆုံးထားပြီး အတိုက်အခံအဖွဲ့တွေနဲ့ ကွဲပြားမှုပြဿနာတွေကို ညှိနှိုင်းဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါပေမဲ့လည်း သမ္မတ ရာထူးက နှုတ်ထွက်ပေးဖို့ နောက်ဆုံးရက် သတ်မှတ်ချက်ကိုတော့ သမ္မတမော်စီရဲ့ ရုံးက ပယ်ချထားခဲ့ပြီး ဖြစ်ပါတယ်။