သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mubarak ပြန်လွှတ်ပေးဖို့ အီဂျစ်တရားရုံး အမိန့်ချ


အီဂျစ်းသမ္မတဟောင်း Hosni Mubarak
အီဂျစ်းသမ္မတဟောင်း Hosni Mubarak
လွန်ခဲ့တဲ့ ၂ နှစ်ကျော်က အာရတ်နွေဦး တော်လှန်ရေး လူထုလှုပ်ရှားမှုကြောင့် ပြုတ်ကျခဲ့ပြီး အထိန်းသိမ်းခံနေရတဲ့ သမ္မတဟောင်း ဟော့စနီ မူဘာရက်ခ် (Hosni Mubarak) ကို လွှတ်ပေးဖို့ အီဂျစ်တရားရုံးက ဒီနေ့ အမိန့်ထုတ်လိုက်ပြီလို့ တရားရေးနဲ့ လုံခြုံရေးတာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ မူဘာရက်ခ်ရဲ့ ရှေ့နေ Fareed el-Deeb က မနက်ဖြန် အစောဆုံးထားပြီး မူဘာရက်ခ်ကို လွှတ်ပေးနိုင်တယ်လို့ Reuters သတင်းဌာနကို ပြောပါတယ်။

အာရတ်နွေဦး တော်လှန်ရေး လူထုလှုပ်ရှားမှုအတွင်း ဆန္ဒပြသူ အတော်များများသေဆုံးတဲ့အထိ အကြမ်းဖက် ဖြိုခွဲတာကို မဟန့်တားနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး အသက် ၈၅ နှစ်အရွယ် ဟော့စနီ မူဘာရက်ခ် (Hosni Mubarak) ကို တရားစွဲဆိုခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအမှုကို တရားရုံးက ပြန်လည် သုံးသပ်စစ်ဆေးခဲ့ရာမှာ ဘယ်ဥပဒေနဲ့မှ သူ့ကို ထိန်းသိမ်းထားစရာ အကြောင်းမရှိတဲ့အတွက် ဒီနေ့ လွှတ်ပေးဖို့ အမိန့်ချမှတ်လိုက်တာလို့ ဆိုပါတယ်။

မူဘာရက်ခ်နဲ့ သူ့ရဲ့ သားတွေဟာ သူတို့ရဲ့ နန်းတော်တမျှ ခမ်းနားလှတဲ့ အိမ်တွေကို ဆောက်ဖို့ ပြည်သူ့ဘဏ္ဍာငွေတွေ အလွဲသုံးစား လုပ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး အီဂျစ်တရားရုံးက အပြစ်မရှိကြောင်း တနင်္လာနေ့က အမိန့်ချမှတ်ခဲ့ပါတယ်။

အီဂျစ်အဏာပိုင်တွေက မူဆလင် ညီအကိုတော်များအဖွဲ့ ပြောခွင့်ရသူနဲ့ အဲဒီအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ ရဲရဲတောက် တရားဟော ဆရာတယောက်ကိုလည်း ဖမ်းဆီးလိုက်ပါတယ်။ အီဂျစ်ကြားဖြတ်အစိုးရက အဖြုတ်ချခံ သမ္မတမော်စီရဲ့ မူဆလင် ညီအကိုတော်များပါတီကို ဆက်လက် ဖိအားပေတဲ့အနေနဲ့ အခုလို အဖမ်းအဆီးတွေ လုပ်နေတာဖြစ်ပါတယ်။
XS
SM
MD
LG