သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်သွေးကြွ တိုက်ခိုက်မှုကြောင့် အီဂျစ်ရဲ ၂၄ ဦးသေဆုံး


ဆီနိုင်းကျွန်းဆွယ်မှာ ရဲတပ်ဖွဲ့ဝင် ၂၄ ယောက်ထက်မနည်းကို လက်နက်ကိုင်တွေက သတ်ပစ်ခဲ့ပါတယ်။ သမ္မတ မိုဟာမက် မော်စီ ကို စစ်တပ်က ပြီးခဲ့တဲ့လမှာ အာဏာသိမ်းယူပြီး ဖြုတ်ချလိုက်ပြီးကတည်းက အဲဒီဒေသမှာ တိုက်ပွဲတွေ အရှိန်မြှင့် ဖြစ်နေခဲ့တာပါ။

ဂါဇာကမ်းမြောင်ဒေသနဲ့ နယ်စပ်တလျှောက် ရာဖာမြို့နားမှာ ရဲတပ်ဖွဲ့ဝင်တွေပါလာတဲ့ ဘတ်စ်ကားတွေကို တနင်္လာနေ့ အစောပိုင်းမှာ လက်နက်ကိုင်တွေက ခြုံခိုတိုက်ခိုက်ခဲ့တာပါ။

အီဂျစ်သမ္မတဟောင်း ဟော်စနီ မူဘာရက်ရဲ့ ရှေ့နေတစ်ဦးဖြစ်သူက သူ့ရဲ့အမှုသည်ဟာ မကြာခင် ပြန်လွတ်လာတော့မယ်လို့ တနင်္လာနေ့မှာပဲ ပြောလိုက်ပါတယ်။

မစ္စတာ မူဘာရက်နဲ့ သူ့ရဲ့သားတွေဟာ သမ္မတနန်းတော်တွေအတွက် ငွေတွေကို အလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေကနေ ပေါ်ပေါက်လာတဲ့ အကျင့်ပျက် ခြစားမှုဆိုင်ရာ စွဲချက်တွေကနေ မစ္စတာ မူဘာရက် ကင်းရှင်းကြောင်း အီဂျစ်တရားရုံးတခုက ဆုံးဖြတ်လိုက်တယ်လို့ ရှေ့နေ Fareed el-Deeb က ပြောတာပါ။

ဒီအပြောကို သက်ဆိုင်ရာ တရားရေး တာဝန်ရှိသူတွေဆီကနေ အတည်ပြုချက်တော့ ချက်ခြင်းမရသေးပါဘူး။ ဒါပေမဲ့လည်း မစ္စတာ မူဘာရက်ဟာ နောက်ထပ်စွဲချက်တစ်ခုနဲ့ ဆက်ပြီး အထိန်းသိမ်းခံနေရဦးမယ်လို့ တရားရေးဆိုင်ရာ သတင်းရင်းမြစ်တွေကို ကိုးကားပြီး AFP သတင်းဌာနက ပြောပါတယ်။
XS
SM
MD
LG