သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ဟာမတ်စ် အကြမ်းဖက်မှု အီဂျစ် ကြားဝင်စေ့စပ်ဖို့ ကမ်းလှမ်း


ဂါဇာကမ်းမြောင်ဒေသမှာ နယ်စပ်ကိုဖြတ်ပြီး သီတင်း တပတ်ကြာ အစ္စရေးနဲ့ဟားမတ်စ် စစ်သွေးကြွတွေအကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ အဆုံးသတ်နိုင်ဖို့ အပစ်ရပ်စဲရေး အစီအစဉ်တခုကို အီဂျစ်နိုင်ငံက အဆိုပြုလိုက်ပါတယ်။ တိုက်ပွဲတွေအတွင်း လူတွေအများအပြား သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

အီဂျစ်နိုင်ငံရဲ့အဆိုပြုချက်ကို တနင်္လာနေ့မှာ ချပြလိုက်တာဖြစ်ပါတယ်။ အဲဒီအထဲမှာ အင်္ဂါနေ့က စတင်ပြီး ယာယီ အပစ်ခတ် ရပ်စဲထားဖို့ပါဝင်ပါတယ်။ ဒီ့နောက်ပိုင်းမှာ ဂါဇာနယ်စပ် ဖြတ်ကျော်မှုကို ဖွင့်ပေးဖို့နဲ့ လာမယ့်၂ ရက်အတွင်း နှစ်ဖက်စလုံး ကိုင်ရိုမြို့မှာ ဆွေးနွေးစကားပြောဆိုကြဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဒီအစီအစဉ်အပေါ် ဟားမတ်စ်အဖွဲ့က တံခါးဖွင့်ထားပါတယ်လို့ ဟားမတ်စ် အဖွဲ့ရဲ့ ထိပ်တန်း အရာရှိတဦးက ပြောဆိုလိုက်သလို အစ္စရေးနိုင်ငံမှာတော့ အီဂျစ်ရဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး အင်္ဂါနေ့မှာ ကျင်းပမဲ့ အစိုးရအဖွဲ့ လုံခြုံရေးဆိုင်ရာအစည်းအဝေးမှာ တင်ပြမယ်လို့ ဝန်ကြီးချုပ် ဘန်ဂျင်မင် နက်တန်ယာဟုက ပြောပါတယ်။

အစ္စရေးနိုင်ငံဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ ဟားမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံအတွင်းကို ရော့ကက်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာတွေ ရပ်သွားစေဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၈၅ ဦး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ပါလစ္စတိုင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီအထဲမှာ ဒါဇင်နဲ့ချီတဲ့ အရပ်သားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အစ္စရေးဖက်ကတော့ အသေအပျောက်မရှိပါဘူး။ ရော့ကက် ဒုံးခွင်းဒုံး ကာကွယ်ရေးစနစ်က ဝင်ရောက်လာတဲ့ ဒါဇင်ပေါင်းများစွာရှိတဲ့ ရော့ကက်တွေကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ အသေအပျောက်တွေများလာတာနဲ့အမျှ တိုက်ခိုက်နေတာတွေ ရပ်စဲဖို့ နိုင်ငံတကာရဲ့ ဖိအားတွေ တိုးများလာနေပါတယ်။

XS
SM
MD
LG